အင်္ဂပူမြို့မှာ ရေဘေးဒုက္ခသည် ကလေးတစ်ဦး ရေနစ်သေဆုံး
2024.07.31
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ စက်စက်ယိုဘုရားမှာ ရေဘေးဒုက္ခသည် အသက် ၁၀ လအရွယ် ယောက်ျားလေးတစ်ဦး ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ဇူလိုင် ၂၄ ရက်ကစပြီး ငဝန်မြစ်ရေ မြင့်တက်လာပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက် သုံးခုနဲ့ ကျေးရွာ ငါးဆယ်ဝန်းကျင် ရေကြီးနစ်မြုပ်နေတာပါ။
ဒါကြောင့် အင်္ဂပူမြို့က ရွှေဆံတော်ဘုရားနဲ့ စက်စက်ယိုဘုရားမှာ ဇူလိုင် ၂၄ ရက်ကစပြီး ရေဘေးဒုက္ခရောက်နေတဲ့ အိမ်ခြေ ငါးဆယ်ဝန်းကျင် လာရောက် ခိုလှုံခဲ့ရပါတယ်။
စက်စက်ယိုဘုရားမှာ ယာယီနေထိုင်တဲ့ မိသားစုတစ်စုထဲက ကလေးတစ်ဦး ဘုရားအနီးမှာ ရေနစ်သေဆုံးခဲ့တာလို့ အင်္ဂပူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမေက အိပ်ပျော်နေတုန်း သူက သွားရင်း ကနေပြီး ရေထဲပြုတ်ကျတာ ဆုံးသွားတယ်။ အဲဒီစက်စက်ယိုဘုရားထဲမှာလေ”
အင်္ဂပူမြို့မှာ ရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ပြန်ကျမဲ့အခြေအနေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၇ ရက်ကစလို့ ရေကြီးရေလျှံမှုတွေကြောင့် ဧရာဝတီတိုင်းထဲမှာ စာသင်ကျောင်းပေါင်း တစ်ရာကျော် ပိတ်ထားရပြီး ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေကြရပါတယ်။
ဧရာဝတီတိုင်းထဲက ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေကိုသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဇူလိုင်လ ၃၁ ရက် စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေတွေ ဆက်တိုးနေပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတယ်လို့ ဖော်ပြပါတယ်။