မင်းတပ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ် ၉ မိုင်တဲစုမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မောင်ဟုန်ကီးဖြစ်ပြီး စစ်တပ်က ကားလမ်းအတိုင်း ရောက်လာချိန် ပုန်းရှောင်ရင်း အနီးမှာလက်နက်ကြီးကျည် ကျရောက်လာတဲ့အတွက် သေဆုံးခဲ့တာလို့ အခင်းဖြစ်နေရာနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

"စစ်ကားတွေလာတယ်။ ဒေသခံတွေကလည်း လုံခြုံတဲ့တွေမှာ ပြေးပုန်းကြတယ်။ မောင်ဟုန်ကီးက သူပုန်းနေတဲ့အနားမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ပေါက်ကွဲ တာကြောင့် သေဆုံးတာဖြစ်တယ်"

အဲဒီနေ့က စစ်တပ်က သံချပ်ကာယာဉ်နှစ်စီးနဲ့ စစ်ကားအစီးရေ ၇၀ ကျော်ဟာ မင်းတပ် - မတူပီလမ်းအတိုင်း ဆင်းလာပြီး လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေနားမှာ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် မင်းတပ် - မတူပီ လမ်းပိုင်း ၉ မိုင်နားမှာနေထိုင်တဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကလေးတစ်ဦး သေဆုံးခဲ့ရတဲ့ အဲဒီနေ့ကဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းမှာ သေဆုံးခဲ့ရတဲ့ အရပ်သား ၁၉၈ ဦးရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က RFA ကို ပြောဆိုထားပါတယ်။