မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၆ လအတွင်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကလေး ၁၄၂ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဖမ်းဆီးခံနေရသလို နှစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး အသက် သုံးနှစ်အောက် ကလေးအပါအဝင် အနည်းဆုံး ကလေး ၆၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံနေရတယ်လို့လည်း ဆိုပါတယ်။
လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ အနည်းဆုံး ကလေး ၃၈၂ ယောက် သေဆုံးရပြီး ကိုယ်လက်အင်္ဂါတွေလည်း ချွတ်ယွင်းပျက်စီးရတယ်လို့ ပြောပါတယ်။ ပဋ္ဋိပက္ခအတွင်း တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်ချိန်မှာသာ သေဆုံးရတာမဟုတ်ဘဲ စစ်တပ်က တမင်ပစ်မှတ်ထားလို့ သေဆုံးရတယ်လို့လည်း ဆိုပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ ရိုက်နှက်ခံရ၊ ဓားထိုးခံရတာ၊ စစ်ဆေးမေးမြန်းချိန်အတွင်း လက်သည်းခွံအနွှာခံရ၊ သွားနုတ်ခံရတာတွေ ရှိတယ်လို့ Tom Andrews တင်ပြတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ကလေးတချို့ကတော့ အသတ်ခံရမယ်ဆိုပြီး ပြုမူပြောဆိုခံရတယ်လို့ ဆိုပါတယ်။
ဒီကလေးတွေ ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်စေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအား ပိုတိုးမြှင့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ရက်စက်မှုတွေကို ငွေကြေးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကို ဝိုင်းဝန်းဟန့်တားကြဖို့ Tom Andrews က တောင်းဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး ဖော်ပြတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာသစ်ဟာ မြန်မာနိုငံတွင်းက ကလေးတွေအပေါ် စစ်တပ်က လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုကို ဖော်ပြတာဖြစ်ပြီး နောက်မျိုးဆက်တစ်ဆက် မပျောက်ဆုံးရအောင် ကြိုတင်ကာကွယ်ဖို့အတွက် ချက်ချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။