ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းကျော်ဟာ လာမယ့်နှစ်အတွက် လူမှုဘဝ လုံခြုံမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နိုင်တယ်လို့ Save the Children အဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒါဟာ ကလေးငယ် သုံးဦးမှာ တစ်ဦးဟာ အကူအညီ လိုအပ်နေတာဖြစ်ပြီး ကူညီထောက်ပံ့ရေးအဖွဲ့တွေ ရောက်ရှိဖို့ အရေးတကြီး လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်နှစ် ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ သန်းအနက် ၁၄ သန်းကျော် အကူအညီ လိုအပ်မှာ ဖြစ်ပြီး ဒီအရေအတွက်ဟာ ယခုနှစ်ထက် တစ်သန်းပိုလာမယ်ဆိုတာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်သစ်တွေက ပြသနေတယ်လို့လည်း Save the Childrenက ထုတ်ပြန်ပါတယ်။
ပိုပြီးပြင်းထန်လာတဲ့ ပဋိပက္ခတွေ၊ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ကသောင်းကနင်း ဖြစ်မှုတွေနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါတွေကြောင့် ကလေးငယ်တွေကို အကြီးအကျယ် ထိခိုက်နေခဲ့သလို ကျန်းမာရေးနဲ့ ပညာရေး ရရှိမှုတွေကလည်း အလွန်အမင်း အကန့်အသတ်တွေရှိနေတာကြောင့် သန်းနဲ့ ချီတဲ့ ကလေးငယ်တွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ဆာလောင်မွတ်သိပ်မှုကို ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကတည်းက ကလေးငယ် ၈၇,၀၀၀ အပါအဝင် လူပေါင်း ၂၃၄,၀၀၀ ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရကြောင်းနဲ့ အဲဒီထဲက အများအပြားဟာ တောနက်တွေထဲက ယာယီရွက်ဖျင်တဲတွေမှာ အစားအသောက်နဲ့ ဆေးဝါးတွေမရှိဘဲ ရှင်သန်နေရပြီး အကူအညီပေးရေးအဖွဲ့တွေ အဲဒီနေရာတွေဆီ ရောက်ရှိဖို့ဟာလည်း ကန့်သတ်ခံထားရတယ်လို့ Save The Children အဖွဲ့ က ပြောပါတယ်။