ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅၆ ဦး ဖမ်းဆီးခံရ
2025.01.31

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကနေ စစ်ကူပို့ပေးလာတဲ့ စစ်ကောင်စီတပ်သား ၅၆ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က တိုက်ပွဲအတွင်း ဖမ်းမိထားပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CNDF တာဝန်ရှိသူတွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြောပါတယ်။
သူတို့ဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ရဟတ်ယာဉ်ရဲ့ စစ်ကူရောက်လာသူတွေ ဖြစ်ပါတယ်။
ရောက်လာချိန် ရက်ပိုင်းအတွင်း တိုက်ပွဲတွေကြားမှာပဲ ဖမ်းဆီးခံရတာဖြစ်ပြီး အများစုက ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့ကနေ စစ်ကူအင်အား စုစုပေါင်းကို ၉၇ ဦး ပို့ဆောင်ခဲ့တာဖြစ်ပြီး ကျန်တဲ့အင်အားတွေကတော့ တိုက်ပွဲအတွင်း သေဆုံးတာနဲ့ ပျောက်ဆုံးတွေ ရှိခဲ့တာလို့ CNDF ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ဖမ်းဆီးရမိတာက ၅၆ ယောက်လောက်ရှိတယ်၊ ဆုံးသွားတဲ့သူ တော်တော်လည်း များတယ်။ တခြားအဖွဲ့တွေက ဖမ်းထားတဲ့ဟာကတော့ ခုနစ်ယောက်လောက် ရှိမယ်ထင်တယ်။ ကျန်တာတွေကတော့ ပစ်ရင်းဆုံးသွားတာတွေနဲ့ လမ်းမှာဆုံးသွားတဲ့ဟာတွေ ဖြစ်ပါတယ်”
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖလမ်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နောက်ဆုံးကျန်နေတဲ့ ခလရ (၂၆၈) တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆယ်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိတဲ့အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ် ငါးမြို့နယ်ကို ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်ကောင်စီအဖွဲ့တို့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ကျန်တဲ့ လေးမြို့နယ်ထဲက ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်နေပြီး ဟားခါးနဲ့ ထန်တလန်မြို့တွေကိုတော့ ချင်းပြည်ကောင်စီအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။