ချင်းဒုက္ခသည် ရှစ်ထောင်ခန့် တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေး

2022.02.08
ချင်းဒုက္ခသည် ရှစ်ထောင်ခန့် တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေး ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးရသူတွေကို ၂၀၂၁ စက်တင်ဘာ ၁၃ ရက်က တွေ့ရစဥ်)
AFP Photo
ချင်းပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို တစ်ပတ် အတွင်း စစ်ဘေးဒုက္ခသည် ရှစ်ထောင်ခန့် ထွက်ပြေးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းက ပြောပါတယ်။
 
ဖလမ်းနဲ့ တီးတိန်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စစ်ကောင်စီနဲ့ ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ CDF တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ ကြရတာလို့ ဆလိုင်းဇအုပ်လိန်း က RFA ကို ပြောပါတယ်။
 
"အခု ဖလမ်းမြို့ နယ်နဲ့ တီးတိန်မြို့နယ်ကနေ ထွက်လာကြတယ်။ အများဆုံးကတော့ ထန်တလန်မြို့နယ် ကပဲ။ ထန်တလန်မြို့ကို မီးရှို့ပြီးတဲ့နောက် အကြောင်းအမျိုးမျိုး ကြောင့် ထွက်သွားတဲ့သူတွေများတယ်။ ဟိုတလောကဆို မတူပီဘက်ကများတယ်။ အဲဒီမြို့နယ် လေးခုက အများဆုံးဖြစ်ပါတယ်"
 
အိန္ဒိယနိုင်ငံဘက်ကလည်း တစ်ပတ်အတွင်းမှာ စစ်ဘေးရှောင်ရှစ်ထောင်ဟာ မီဇိုရမ် ပြည်နယ်ထဲကို ရောက်လာခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
မူလက အဲဒီပြည်နယ်ထဲမှာ ဒုက္ခသည်ပေါင်း နှစ်သောင်းနှစ်ထောင်ကျော်ရှိနေတာနဲ့ ပေါင်းရင် အခု စစ်ဘေးရှောင်စုစုပေါင်း သုံးသောင်းရှိပြီလို့ ဆိုထားပါတယ်။
 
ဒါပေမဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ တချို့တောတောင်တွေထဲမှာ တိမ်းရှောင်နေရသူတွေ မရေတွက်နိုင်တဲ့ စာရင်းတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
 
မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်အသိအမှတ်ပြုကတ်ပြား Refugee ID ကတ်တွေ ထုတ်ပေးဖို့ စီစဉ်နေသလို လက်ရှိစာရင်းကောက်နေရင်း ID ကတ်တွေကိုပါ တစ်ခါတည်း ပေးနေတယ်လို့လည်း ပြောပါတယ်။
 
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင် ၃၀၀ ကျော်ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ထဲကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေထဲက ကလေးငယ်တွေကို မီဇိုရမ်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကျောင်းတက်ခွင့်ပေးထားတယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။