ပလက်ဝမှ ၈၂ ဦးကို AA ဖမ်းထားတယ်လို့ ချင်းပြည်နယ်အစိုးရစွပ်စွဲ

0:00 / 0:00

ပျောက်ဆုံးသူ ၈၂ ယောက်ဟာ ပလက်ဝမြို့နယ်ထဲက ကင်းတလင်း၊ သာယာကုန်းနဲ့ ခမောင်းဝ ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ဒီအရေအတွက်ဟာ ပြည်နယ်အစိုးရက ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန မှတ်တမ်းတွေ ကို ကိုးကား တွက်ချက်ထားတာဖြစ်ပြီး အဲဒီထဲမှာ ဖေဖော်ဝါရီလက ရက္ခိုင့်တပ်တော် AA ခေါ်ဆောင်သွားတဲ့ ခမောင်းဝ ကျေးရွာက စစ်ဘေးဒုက္ခသည် ၆၉ ဦးလည်း ပါဝင်ပါတယ်။

ပလက်ဝမြို့နယ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဆိုလို့ တပ်မတော်နဲ့ AA သာ ရှိကြောင်း၊ ဒီပျောက်ဆုံးနေသူတွေဟာ တပ်မတော်က ဖမ်းဆီးသွားတာ မဖြစ်နိုင်တဲ့အတွက် AA က ဖမ်းဆီးသွားတာလို့ ယူဆကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုလို့ တပ်မတော်ရှိတယ်။ တပ်မတော်ကလည်း ဒီအလုပ်တွေ လုပ်မှာမဟုတ်ဘူး။ နောက် AA ရှိတယ်။ AA ကပဲ ကင်းတလင်းရွာသား ၅၄ ယောက် ခေါ်သွားတယ်။ နောက် ရှစ်ယောက်ခေါ်သွားတယ်။ အခုလည်း တလောကမှ ကျောက်တော်နဲ့ မြောက်ဦးကြားမှာ ကားပေါ်က ၃၁ ယောက် မီးသတ်သင်တန်းဆင်းနဲ့ ဝန်ထမ်းတချို့ခေါ်သွားတာ တွေ့ရတယ်။ ဒါကလည်း AA ကပဲ ဖြစ်ဖို့များပါတယ်"

ချင်းပြည်နယ်အစိုးရအဖွဲ့က ပျောက်ဆုံးနေသူတွေအကြောင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ထံ အောက်တိုဘာ ၂၁ ရက်နေ့မှာ တင်ပြထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ NRPC အနေနဲ့ တစ်စုံတရာ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီး ချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကလည်း ပျောက်ဆုံးနေသူတွေထဲမှာ ခူမီးလူမျိုးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

AA ဖမ်းဆီးသွားသူတွေထဲက သာယာကုန်းကျေးရွာက လင်မယား နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ၂၁ ရက်နေ့က ကျေးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။

တပ်မတော်စစ်ကြောင်းကို သတင်းပေးမှာ စိုးရိမ်တဲ့အတွက် လင်မယား နှစ်ဦးကို ခေတ္တ ခေါ်ယူဖမ်းဆီး ထားတာလို့ သိရကြောင်း ခူမီးချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း က ပြောပါတယ်။
ပလက်ဝမြို့နယ်က လူတွေ ပျောက်ဆုံးနေတာဟာ AA လက်ချက် ဖြစ်ရမယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားတာကို AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လက်မခံပါဘူး။

"ချင်းပြည်နယ်ထဲမှာတော့ ကျွန်တော်ဘက်က အရပ်သားတွေကို ဖမ်းဆီးထိမ်းသိမ်းထားတာ တစ်ယောက်မှ မရှိတော့ဘူး။ အခု သူတို့ထုတ်ပြန်တယ်ဆိုတာ သက်သက် စွပ်စွဲချက်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ ဖမ်းဆီးထားတာ တစ်ယောက်မှ မရှိဘူးဗျ"

စစ်ဘေးရှောင်ဒုက္ခသည်တွေကို သူတို့ ခေါ်ဆောင်သွားတာမျိုးလည်း မရှိကြောင်းနဲ့ စွပ်စွဲပြောဆိုမှုတွေသာ ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

ဖေဖော်ဝါရီလက ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ခမောင်းဝကျေးရွာသား ၇၆ ဦးနဲ့ ကင်းတလင်းကျေးရွာသား ၄၈ ယောက်ကို စစ်ဘေးရှောင်ကြဖို့ အကူအညီပေးထားကြောင်း AA က သတင်းထုတ်ပြန်ထားပါတယ်။

ခူမီးချင်းလူမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကတော့ အပြစ်မဲ့လူထု မနှောင့်ယှက်ဖို့ တောင်းဆိုချင်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးလုပ်တာ လူထုကို မနှောက်ယှက်ပါနဲ့ လူထုမှာ ဘာအပြစ်မှမရှိဘူး

"တော်လှန်ရေးလုပ်တာ လူထုကို မနှောက်ယှက်ပါနဲ့ လူထုမှာ ဘာအပြစ်မှမရှိဘူး။ ဒါကြောင့် ဒေသခံ လူထုကို မနှောက်ယှက်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ တည်ရှိတဲ့ ပလက်ဝမြို့နယ်မှာ သြဂုတ်လက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် လေးထောင်ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။