ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာတွေသား ၅၂ ဦးကို ရက္ခိုင့်တပ်မတော် AAအဖွဲ့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတာဟာ လေးလနီးပါးရှိပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းလူ့အခွင့်အရေးအဖဲ့ွက ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒီလို အကြောင်းပြချက်မရှိဘဲ AA အဖဲ့ွက ဖမ်းဆီးထားတဲ့ ကင်းတလင်းရွာသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းနဲ့အချက်အလက်ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရ ကပြောပါတယ်။
"ကင်းတလင်းရွာသား ၅၂ ယောက်ဟာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လေ အခုချိန်ထိ သူတို့ပြန်လွတ်မလာသေးဘူး ဖမ်းဆီးတဲ့အကြောင်းကလည်း ဘာကြောင့်လည်းဆိုတာမရှိဘူး ဖြစ်နိုင်လို့ရှိရင် ဖမ်းဆီးတဲ့လူတွေကို ခြွင်းချက်မရှိ အမြန်လွတ်ပေးစေချင်တယ်"
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းက ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေဟာ ကင်းတလင်းရွာကို ဝင်ရောက်လာပြီး ရွာသားတွေကို ချပ်ကျောင်းမှာ စုခိုင်းပြီး တပ်မတော်က ရွာကိုဗုံးကြဲမယ်လို့ပြောဆိုကာ သူတို့လိုက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကင်းတလင်းရွာသားတွေက ၅၄ ဦးကို အတင်းအဓမ္မခေါ်ဆောင်သွားပေမယ့် လမ်းမှာဒေသခံ နှစ်ယောက်ဟာ ထွက်ပြေးလွှတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန္ဒမရှိဘဲ ဖမ်းဆီးခံရတဲ့ဒေသခံတွေထဲမှာ ကျောင်းသားတွေလည်း ပါတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ကင်းတလင်းရွာသား ဦးကံအောင်က ပြောပါတယ်။
"မိသားစုနဲ့ တကွဲတပြားဖြစ်တယ် ကလေးတွေလည်း အခုကျောင်းဖွင့်နေပြီ ကျောင်းမတက်ရဘူး ကျနော်တို့အနေနဲ့ ခေါ်ဆောင်သွားတဲ့အဖွဲ့အနေနဲ့ အမြန်လွှတ်စေလို့တာပေါ့"
ရက္ခိုင့်တပ်မတော် AA ဟာ ချင်းဒေသခံ ၅၂ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်ဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ချင်းတိုင်းရင်းသားတွေကို ဘင်္ဂလားဒေ့ရ်ှ မြန်မာနယ်စပ်မှာရှိတဲ့ AA စခန်းတစ်နေရာမှာ ထိန်းသိမ်းထားပြီး စခန်းအပြင် သွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းကြည့်ရာမှာတော့ ဖမ်းဆီးခေါ်ဆောင်တာမရှိဘူးလို့ အခုလို ငြင်းဆိုပါတယ်။
"သူတို့ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ကနေပြီးတော့ စေတနာသန့်သန့်နဲ့ အကူညီပေးပြီး ကယ်ထုတ်ပေးလိုက်တာ ချင်းလူ့အခွင့်အရေးအဖွဲ့ကပြောသလို ဖမ်းတယ်ဆီးတယ် လုံးဝမရှိဘူးဗျ အဲရွာသားတွေကို ကျနော်တို့က ဖမ်းထားစရာလည်း အကြောင်းမရှိဘူး သူတို့ကိုလည်း ကျနော်တို့က ခေါ်ထားစရာလည်း အကြောင်းမရှိဘူး နယ်ခြားမှာလည်း သူတို့ဟာသူတို့ လုပ်ကိုင်စားသောက်နေကြတာ တကယ်လို့ CHRO က သွားခေါ်ချင်တယ်လို့လည်း သူတို့ဟာသူတို့ သွားခေါ်လို့ရတယ်"
ရက္ခိုင့်တပ်မတော် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကင်းတလင်းရွာသားတွေထဲမှာ ကျောင်းနေရွယ်ကလေး ၁၇ ယောက်ပါတာကြောင့် ကျောင်းနေဖို့အတွက ်မိသားစုတွေက စိတ်ပူနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိကင်းတလင်းရွာသားတွေဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြားတိုက်ပွဲတွေကြောင့် မီးဇာကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
