တပ်မတော်က အဓမ္မစေခိုင်းမှုတွေရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖဲ့ွ ထုတ်ပြန်

0:00 / 0:00

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခမောင်းဝကျေးရွာမှာတပ်စွဲထားတဲ့ ခလရ ၇၇ တပ်ရင်းအတွက် ရိက္ခာတွေသယ်ယူရာမှာ ဒေသခံတွေကို အတင်းအဓမ္မ သယ်ယူခိုင်းတာတွေ ရှိတယ်လို့ ချင်းလူအခွင့်ရေးအဖဲ့ွက မေ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ ပေါ်တာဆွဲတာတွေ၊ အတင်းအကျပ်စေခိုင်းတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး အောက်ခြေတပ်တွေက နေ့စားခပေးပြီး ခိုင်းတယ်လို့ သိရှိထားကြောင်းနဲ့ အဲဒီအခြေအနေကို စုံစမ်းမေးမြန်းသွားမယ်လို့ ပြောပါတယ်။

ကျွန်းချောင်းဝကနေ ခမောင်းဝကျေးရွာအထိ ၁၅ မိုင်ကို မီးဇာရွာ၊ ကျောက်ပလ္လင်ရွာ၊ သာယာကုန်းနဲ့ ကျွန်းချောင်းဝ စတဲ့ ကျေးရွာ လေးရွာက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို တစ်အိမ်တစ်ယောက် မလိုက်မနေရပုံစံမျိုးနဲ့ ခေါ်ဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတွေကို အုပ်ချုပ်ရေးမှူးကနေတဆင့် တစ်အိမ်တယောက်နှုန်းနဲ့ မလိုက်မနေရ ခေါ်ယူတာကြောင့် ပေါ်တာဆွဲသလို ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာက RFA ကို ပြောပါတယ်။

တပ်မတော်က အုပ်ချုပ်ရေးမှူးတွေကတဆင့် ရိက္ခာသယ်ယူတဲ့အခါ ၁၅ ယောက်ကနေ အယောက် ၂၀ အထိ ခေါ်ယူခိုင်းလေ့ရှိပြီး သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေပါ လိုက်လံသယ်ဆောင်ရတယ်လို့ ချင်းလူအခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ဆန်တစ်အိတ်ကို လူနှစ်ယောက်နှုန်းနဲ့ ခွဲသယ်ရပြီး တပ်မတော်က သယ်ဆောင်ခအဖြစ် တစ်ယောက်ကို ငွေကျပ် လေးထောင်၊ အခြားပစ္စည်းတွေသယ်ယူခအတွက် ကျပ် ငါးထောင်ပေးတယ်လို့ သိရပါတယ်။

ဒီလို သယ်ဆောင်ခပေးတယ်ဆိုပေမယ့် ဒေသခံတွေက မလိုက်ချင်ဘူးလို့ ပြောကြပါတယ်။ မဖြစ်မနေ လိုက်လံသယ်ဆောင်ပေးရတာကြောင့် တောင်ယာလုပ်ငန်းတွေလည်း ထိခိုက်နေတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ ဒေသခံကျေးရွာသားတွေကို တပ်မတော်က တစ်လကို နှစ်ကြိမ်ကနေ လေးကြိမ်လောက်အထိ ရိက္ခာသယ်ခိုင်းတာဟာ ဖေဖော်ဝါရီလလောက်ကတည်းက စတင်ခဲ့ပြီး ဒီနေ့အထိလည်း ဆင့်ခေါ်ခိုင်းစေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။