ကန်ပက်လက်မှာ လူသုံးရာခန့် ဝမ်းရောဂါဖြစ်၊ ကလေးငယ် သုံးဦးသေဆုံး

RFA Burmese
2023.03.24
Share on WhatsApp
Share on WhatsApp
ကန်ပက်လက်မှာ လူသုံးရာခန့် ဝမ်းရောဂါဖြစ်၊ ကလေးငယ် သုံးဦးသေဆုံး ကန်ပက်လက် စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်က ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဒေသခံ သုံးရာနီးပါး ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး အဲဒီအထဲက လသား အရွယ်ကလေး သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဝမ်းရောဂါနဲ့ သေဆုံးသွားတဲ့ ကလေးငယ် သုံးဦးဟာ အမ်ပုံ၊ စမ္မသား၊ ငုံလောင်း စတဲ့ ကျေးရွာတွေကဖြစ်ပြီး မတ်လ ၁၃ ရက်ကနေ မတ်လ ၁၈ ရက်နေ့အတွင်း သေဆုံးသွား ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာမှာဖြစ်တာ များတာ။ တစ်နှစ်အောက် ကလေးတွေနဲ့ တစ်နှစ်ကနေ ဆယ်နှစ် ကလေးတွေမှာ ဝမ်းလျှောဝမ်းပျက်ဖြစ်တာများတယ်။ လူကြီးတွေ ဖြစ်ကြတယ်။ ဝမ်းလျှောဝမ်းပျက်တာကြောင့် အဖျားဝင်ပြီး နမိုးနီးယားလည်း ဖြစ်နေကြတယ်။ တစ်နှစ်အောက်ကလေး သုံးယောက် သေတယ်"

ဝမ်းလျှောဝမ်းပျက်ဖြစ်တာ တစ်နှစ်အောက် လသားအရွယ် ကလေးငယ် အယောက် ၅၀ ကျော်နဲ့ တစ်နှစ်ကနေ ၁၀ နှစ်အကြား ကလေး ၁၅၀ ယောက်ရှိနေပြီး အသက်ကြီးပိုင်း လူကြီးတွေ ဝမ်းလျှောဝမ်းပျက်ဖြစ်တာ အယောက် ၁၀၀ နီးပါး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့တဲ့ အပတ်လောက်ကစလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ကလေးနဲ့ လူကြီး စုစုပေါင်း ၃၀၀ ခန့်ရှိနေတယ်လို့ ပြောပါတယ်။

ဆေးဝါးမလုံလောက်မှုကြောင့် ဆေးကုသရာမှာ အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရ တာကြောင့် ကျန်းမာရေး အရေးပေါ်အခြေနေမျိုးမှာ အဆက်အသွယ်အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း ကန်ပက်လက်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိလို့ လသားအရွယ် ကလေးငယ် ခုနစ်ဦးနဲ့ သက်ကြီးအရွယ်အို ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။