စီမံချက်တွေကို မထိပါးဖို့ တရုတ်တောင်းဆို

RFA Burmese
2024.07.25
စီမံချက်တွေကို မထိပါးဖို့ တရုတ်တောင်းဆို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေတွေကို တရုတ်က အနီးကပ်စောင့်ကြည့်နေပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းဖို့နဲ့ စစ်မက်ဖြစ်ပွားနေတာ တတ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ဇူလိုင် ၂၅ ရက်က ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ပြောတာပါ။ တရုတ်နယ်စပ်နားက လားရှိုးမှာရှိတဲ့ စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ကြေညာလိုက်တာကို တရုတ်နိုင်ငံက အတည်ပြုနိုင်ပါသလားနဲ့ တရုတ်နယ်စပ်နားမှာ တိုက်ပွဲဖြစ်ပွားတာကို မှတ်ချက်တောင်းတဲ့အခါ ပြောခွင့်ရသူက တုံ့ပြန်ပြောကြားတာလည်း ဖြစ်ပါတယ်။

ဒါတင်မကဘဲ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့၊ အခြေအနေ ပို အရှိန်မြင့်လာတာကို ရှောင်ကြဉ်ဖို့နဲ့ အထူးသဖြင့် တရုတ်နယ်စပ်တွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်သူတွေ၊ မြန်မာပြည်တွင်းက တရုတ်စီမံချက်တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိပါးအောင်မလုပ်ဖို့ တောင်းဆိုထားတယ်လို့ တဆက်တည်းပြောပါတယ်။

ငြိမ်းချမ်းရေးကိစ္စကို တရုတ်က ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အပစ်ရပ်ရေး ဆက်ထိန်းထားရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရေးကို အားပေးပါကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။