“ဝ”ဒေသမှာ နယ်စပ်ဂိတ်ကနေ ကုန်စည်သယ်ယူခွင့် တရုတ်ကန့်သတ်
2024.08.25
“ဝ”တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နမ့်တစ်ဂိတ်ကန ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်နိုင်ငံဘက်က သြဂုတ်လ ၂၄ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန်၊ ဆီ စတဲ့ စားသောက်ကုန်နဲ့ ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းအားလုံးနီးပါး သယ်ဆောင်ခွင့် ကန့်သတ်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်ဘက်ကဆို မန်ခါးပေါ့။ “ဝ”ဘက်ကကျတော့ နမ့်တစ်ဂိတ်ပေါ့။ အဲဒါကို ပိတ်လိုက်တာ။ ဘာမှပေးမဝင်ဘူး။ ဆန်၊ ဆီ၊ ဆေးဝါးတွေလည်း ပိတ်လိုက်တယ်။ အခုရက်ပိုင်းမှာပဲ ပိတ်လိုက်တာ”
“ဝ” ဒေသမှာ နယ်စပ်ဂိတ်လေးခု ရှိတဲ့အနက် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ အဲဒီဂိတ်ကိုပဲ ပိတ်လိုက်တာလို့ သူက ပြောပါတယ်။
ကိုးကန့်ဒေသမှာတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ဒီနေ့အထိ ပိတ်ထားတဲ့အတွက် “ဝ”ဒေသကနေ လာတဲ့ကုန်စည်တွေကို အားကိုးနေရတာပါ။
တရုတ်နိုင်ငံဘက်က နမ့်တစ်ဂိတ်ကို ပိတ်လိုက်တာဟာ လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲအခြေအနေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ရှမ်းပြည် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“တရုတ်က အခု ရှမ်းမြောက်ဒေသ ဒီတိုက်ပွဲမှာ “ဝ”ဘက်ကနေတစ်ဆင့် ထောက်ပံ့မှုတွေ မပေးနိုင်အောင် အခုလို ပိတ်လိုက်တဲ့သဘောရှိတယ်”
ဒီဂိတ် ပိတ်လိုက်တဲ့အတွက် “ဝ”ဒေသ နမ့်တစ်မြို့နဲ့ ဆက်စပ်နေတဲ့ ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်ဒေသတွေကို ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ဘက်က “ဝ” ဒေသနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်ကို ပိတ်လိုက်တယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ လားရှိုးမြို့ အခြေစိုက် “ဝ” ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ် လို့မရသေးပါဘူး။ “ဝ”တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ ဂိတ်ပိတ်လိုက်တာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
တရုတ်နယ်စပ်ကနေ “ဝ”ဒေသကို ပန်ဝိုင်-ယုံဟော်၊ ပန်ဆန်း-မုံးအ၊ ဟိုတောင်-မန်ရှီ၊ နမ့်တစ်-မန်ခါး စတဲ့ ဂိတ်လေးခုကနေ ကုန်သွယ်နေတာ ဖြစ်ပါတယ်။