ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို အမြစ်ပြတ်နှိမ်နင်းမယ်လို့ တရုတ် ပြော
2025.02.11

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒီလုပ်ငန်းတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီလုပ်ငန်းတွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒေသတွင်းနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ရမယ်လို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ထိုင်း၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တားဆီးမယ်လို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတွေရှိလာတဲ့နောက် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) စတဲ့အဖွဲ့အစည်းတွေ ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို ခေါ်ထုတ်တာနဲ့ လွှဲပြောင်းတာတွေလည်း ဒီရက်ပိုင်းမှာ ပြုလုပ်လာပါတယ်။
ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကတော့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင်သုံးယောက်ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေပါတယ်။
လူကုန်ကူးမှုတွေမှာ BGF ခေါင်းဆောင်တွေ လုံးဝပါဝင်ပတ်သက်မှုမရှိဘူးလို့ BGF က ငြင်းဆိုထားပါတယ်။