ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေး မဲဆောက်မြို့မှာ ထိုင်းနဲ့ တရုတ်ဆွေးနွေး

2025.01.29
ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေး မဲဆောက်မြို့မှာ ထိုင်းနဲ့ တရုတ်ဆွေးနွေး တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှ မြန်မာနိုင်ငံရှိ ကာစီနိုရုံများနှင့် ဖျော်ဖြေရေးစင်တာများရှိရာနေရာတွေအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုစဉ်။
The RERORTERS

ထိုင်း-မြန်မာနယ်စပ်က ကာစီနိုလုပ်ငန်းတွေနဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေ ကြီးစိုးရာ မြဝတီမြို့ မှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေးအတွက် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ထိုင်းအာဏာပိုင်တွေ ဇန်နဝါရီ ၂၉ ရက်နေ့က မဲဆောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြဝတီမြို့က ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၆ဝ လောက်ကို ကယ်ဆယ်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က တရုတ်နိုင်ငံသားအများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ ကာစီနိုရုံတွေနဲ့ ဖျော်ဖြေရေးစင်တာတွေရှိရာနေရာတွေနဲ့ KK Park ကာစီနိုလုပ်ငန်းတွေရှိရာ နေရာတွေကို မဲဆောက်ဘက်ခြမ်းကနေ သွားကြည့်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

တာ့ခ်ခရိုင်က မဲဆောက်၊ ဖုတ်ဖရ၊ မဲ့ရမတ်မြို့တွေမှာ လူကုန်ကူးမှုတွေနဲ့ တရားမဝင်လုပ်ငန်းတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲမှူးတွေကို ရာထူးကနေ ဖယ်ရှားပြီးနောက်တစ်ရက်မှာ နှစ်နိုင်ငံအစိုးရ အာဏာပိုင်တွေ အခုလိုနယ်စပ်ကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာတော့ လူကုန်ကူးမှုတွေနဲ့ ငွေလိမ်လည်မှုတွေကို တားဆီးဖို့အတွက် နိုင်ငံခြားသားတွေကို စစ်ဆေးတာ၊ ဟိုတယ်တွေကို ဝင်ရောက်ရှာဖွေတာ စတဲ့ တင်းကျပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့က နိုင်ငံခြားသား ခရီးသွားတွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ငွေလိမ်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံကို လူကုန်ကူးတဲ့လမ်းကြောင်းအဖြစ် အချိန်အတော်ကြာ အသုံးချနေတာဖြစ်ပြီး တရုတ်သရုပ်ဆောင် ဝမ်ရှင်းကိစ္စနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် ကြီးမားတဲ့သက်ရောက်မှုဖြစ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။