ဒုက္ခသည်တွေကို အမြန်ပြန်ခေါ်ဖို့ မြန်မာကို တရုတ်တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို အမြန်ပြန်လည်ခေါ်ယူဖို့ တရုတ်က မြန်မာကို တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနက ဖေါ်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျန်းကျို က - ဒုက္ခသည်တွေကို အခြေအနေအမျိုးမျိုးအပေါ် မူတည်ပြီး မြန်မြန်ဆန်ဆန်ပြန်လည်ခေါ်ယူဖို့၊ ဖြစ်နိုင်သမျှ အမြန်ဆုံးလက်တွေ့အကောင်အထည်ဖေါ်ဖို့ မြန်မာကို တိုက်တွန်းခဲ့ကြောင်း ပြောဆိုပါတယ်။

ဒါကာမြို့ တရုတ်သံရုံးမှာ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် - တရုတ် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲအပြီး၊ သတင်းဌာနတွေရဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။

မနှစ်က ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ပေါ်ပေါက်လာခဲ့အပြီး တရုတ်ပြည် ပထမဆုံးဆောင်ရွက်ခဲ့တာက ဒေသတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ကြိုးပမ်းဖို့ဖြစ်ပြီး၊ အခုအခါ ဒုက္ခသည်တွေ အမြန် ပြန်လည်ခေါ်ယူရေးဖြစ်ကြောင်း၊ ဒီဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တာကို မြင်တွေ့လိုကြောင်း တရုတ်သံအမတ် ကျန်းကျို က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တရုတ်ရဲ့ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေး အဆင့်သုံးဆင့်အဖြစ် - ဒေသတွင်း အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒုက္ခသည် အမြန်ပြန်ခေါ်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့အချက်တွေ တရုတ်က ချပြထားပါတယ်။

ဒီအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ကြသလို၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ တို့ တရုတ်ပြည် ဘေဂျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီ က - မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေ ဆက်လက်ဖိနှိပ်ခံနေရဆဲဖြစ်ပေမဲ့၊ ကျူးလွန်သူတွေ ပြစ်ဒဏ်ခံရဖို့ကတော့ အခွင့်အလမ်း နည်းပါးနေကြောင်း၊ ဒါကလည်း မြန်မာရဲ့မိတ်ဆွေ တရုတ်နဲ့ရုရှားလို အင်အားကြီး ပြည်ပနိုင်ငံတွေက အကာအကွယ်ပေးထားလို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်အတွင်း ပြောဆိုခဲ့တာပါ။