မြဝတီက အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ခိုင်းစေခံခဲ့ရကြောင်း တရုတ်သရုပ်ဆောင်ပြော

RFA Burmese
2025.01.08
မြဝတီက အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ခိုင်းစေခံခဲ့ရကြောင်း တရုတ်သရုပ်ဆောင်ပြော ထိုင်းမြန်မာနယ်စပ်တွင် ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့သည့် တရုတ် သရုပ်ဆောင် Wang Xing ခေါ် Xingxing။
Photo: Weibo

မြန်မာနိုင်ငံ မြဝတီမြို့က အွန်လိုင်းလိမ်လည်လုပ်ငန်းမှာ အဓမ္မ ခိုင်းစေခံခဲ့ရတယ်လို့ လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းကနေ ဇန်နဝါရီလ ၇ ရက်နေ့က လွတ်မြောက်လာတဲ့ တရုတ်သရုပ်ဆောင် Wang Xing ဝမ်ကျင်းက ပြောပါတယ်။

တရုတ်လူမျိုးတွေကို ပစ်မှတ်ထားပြီး လိမ်လည်ခိုင်းတာလို့ ဆိုပါတယ်။ အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်ဟာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီး သူ့အတွေ့အကြုံတွေကို ရဲတွေကို ပြန်ပြောပြတယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်််ပြပါတယ်။

ဝမ်ကျင်းဟာ တစ်နယ်တည်းသား တရုတ်လူမျိုးတစ်ယောက်က ထိုင်းမှာ ရုပ်ရှင်ရိုက်ကူးမယ်လို့ ပြောတဲ့အတွက် ဘန်ကောက်မြို့ကို ဇန်နဝါရီလ ၃ ရက်နေ့က ရောက်ရှိသွားပါတယ်။ နောက်ပိုင်းမှာ ဝမ်ကျင်းနဲ့ အဆက်အသွယ် ပြတ်သွားတဲ့အတွက် သူ့ချစ်သူနဲ့ အစ်ကိုတို့က ထိုင်းမှာရှိတဲ့ တရုတ်သံရုံးနဲ့ ဆက်သွယ်ပြီး ထိုင်းရဲတပ်ဖွဲ့ကို ဇန်နဝါရီလ ၆ ရက်က တိုင်ကြားခဲ့ပါတယ်။

ဝမ်ကျင်းကို မြဝတီမြို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ပြန်တွေ့ပြီး တရုတ်နိုင်ငံကို မပြန်ခင် ရဲက စုံစမ်းစစ်ဆေးတဲ့အမှုကို အထောက်အကူပေးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူ့ကိုချိတ်ဆက်တဲ့လူ စေလွှတ်တဲ့ကားက ဘန်ကောက်လေဆိပ်ကနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ အဲဒီနောက် လူတစ်ယောက်က မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းကို လှေတစ်စင်းနဲ့ ခေါ်ဆောင်သွားကတည်းက လူကုန်ကူးခံရမှန်း သိလိုက်ပေမဲ့ မခုခံရဲခဲ့ဘူးလို့လည်း ဝမ်ကျင်းက ထိုင်းရဲတပ်ဖွဲ့ကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံကို အလည်အပတ်သွားရာကနေ မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေလက်ထဲကို ရောက်သွားတဲ့ ဟောင်ကောင်က လူခြောက်ဦးရဲ့ မိသားစုဝင်တွေကလည်း သူတို့ကို ကယ်တင်ပေးဖို့ ဟောင်ကောင်မှာရှိတဲ့ ထိုင်းတော်ဝင်ကောင်စစ်ဝန်ရုံးကို ဇန်နဝါရီလ ၈ ရက်နေ့က စာပေးပို့ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။