ကလေးမြို့မှာ စစ်မှုထမ်းဖို့ လူငယ် ၁၉၀ ခန့် ဖမ်းဆီးခံစုဆောင်းခံရ
2025.02.07

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၆) ကနေ (၉ ) အထိ သင်တန်းတွေအတွက် လူငယ် ၁၈၅ ဦးထက်မနည်း ဖမ်းဆီးစုဆောင်းခံရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမှတ်စဉ် (၉) သင်တန်းအတွက် လူငယ် ခြောက်ဆယ်ကျော်၊ အမှတ်စဉ် (၈) အတွက် သုံးဆယ်ကျော်၊ အမှတ်စဉ် (၇) အတွက် ငါးဆယ်ကျော်နဲ့ အမှတ်စဉ် (၆) အတွက် ၄၅ ဦး ဖမ်းဆီးစုဆောင်းခံရတာလို့ ဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်တွေထဲအထိ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး အကြောင်းပြချက် မခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့လည်း လူငယ်တွေ ဖမ်းဆီးခံနေရတယ်လို့ ဖော်ပြပါတယ်။
ဒီလိုဖမ်းဆီးမှု ဖြစ်ရပ်တွေက စစ်ကောင်စီတပ်မှာ အင်အားချိနဲ့နေတာကို ပြသနေတာလို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက အခုလို မတရားဖမ်းဆီးနေတာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ စစ်အာဏာရှင်စနစ်ရဲ့ နေဝင်ချိန်ကို ပြသနေတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီစစ်ကောင်စီရဲ့ မတရားဥပဒေကနေ လွတ်မြောက်ရအောင် နီးစပ်ရာ တော်လှန်းရေးကဏ္ဍ အသီးသီးမှာ ပါဝင်ပေးကြပါ”
ကလေးမြို့က လူငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ RFA က ဆက်သွယ်ခဲ့တဲ့ခါ အခမ်းအနားတစ်ခုကို ရောက်နေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
မန္တလေးမြို့မှာလည်း ဇန်နဝါရီလ တစ်လအတွင်း လူငယ် ၂၃၇ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) အထိ ဖွင့်လှစ်ထားပြီး စစ်သင်တန်းတက်နေသူတွေအထဲ အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ စစ်မှုထမ်းအခြေအနေ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။