အစုလိုက်အပြုံလိုက် အသတ်ခံရသူ ၁၆၀၀ ကျော်ရှိကြောင်း NLD ထုတ်ပြန်

RFA Burmese
2024.06.13
အစုလိုက်အပြုံလိုက် အသတ်ခံရသူ ၁၆၀၀ ကျော်ရှိကြောင်း NLD ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားသည့်မြင်ကွင်းအား ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီတပ်သားတစ်ဦး ရိုက်ကူးထားသည့်ပုံ။
Photo obtained by RFA

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၄ ဇွန်လ ၁၃ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၁၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၆၇ဝ သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်တဲ့ စာရင်းဟာ မျက်မြင်သက်သေတွေ၊ ခိုင်လုံမှုရှိတာတွေပဲ ထည့်နိုင်တာကြောင့် နည်းနေနိုင်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

"အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကျွန်တော်တို့ အောက်ခြေပါတီဝင်တွေရယ်၊ အမှန်တရားလိုလားတဲ့ ပြည်သူတွေရယ် ဒါတွေကို မှတ်တမ်းမှတ်ရာကျန်အောင်ဆိုပြီးတော့ သူတို့ ခက်ခက်ခဲခဲနဲ့ ဆက်သွယ်ပြီးတော့ ပေးကြတာပါ။ တချို့ဆို မျက်မြင်သက်သေအဖြစ်နဲ့ ထွက်ချက်ပေးတာတွေလည်း ရှိတယ်။ ဒါတွေက တစ်ချိန်ကျရင် တန်ဖိုးရှိလာမယ့်ဟာတွေ ဖြစ်ပါတယ်။ အခုဒီမှာပါတဲ့ စာရင်းတွေဆိုတာလည်း ဘယ်လိုခေါ်မလဲ ဒီထက်များနိုင်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတည်ပြုပြီးသား သတင်းတွေကိုပဲ ကျွန်တော်တို့က ထည့်ထားတာဖြစ်ပါတယ်။ တခြားအတည်မပြုရသေးတဲ့သတင်းတွေ ရှိတယ်။ မျက်မြင်သက်သေတွေ ခိုင်လုံမှုရှိဖို့ လိုအပ်လို့ ကျွန်တော်တို့ပါတီရဲ့ စာရင်းက နည်းကောင်းနည်းနေနိုင်ပါတယ်။ ဒါပေမဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ခိုင်မာမှု ရှိတယ်လို့ ပြောချင်ပါတယ်"

ဒီသတ်ဖြတ်မှုတွေမှာ စစ်ကောင်စီစစ်ကြောင်းတွေက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့သတ်ဖြတ်တာ စတာတွေကို စနစ်တကျ ဆက်တိုက်ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် မတ်လကနေ ဇွန်လအတွင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာမှာဖြစ်ခဲ့တဲ့ ၂၂ ဦး သေဆုံးမှု၊ မေလက ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ၃၂ ဦး သေဆုံးမှု၊ မေလကုန်မှာဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ ၅၃ ဦး သေဆုံးမှုနဲ့ ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတာကြောင့် ၂၈ ဦး သေဆုံးခဲ့တာတွေဟာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ၂၀၂၄ အတွင်း စစ်ကောင်စီဘက်က ပိုမိုကျူးလွန်လာတာတွေ့ရပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ တော်တော်လေးစိပ်လာကြောင့် စိုးရိမ်စရာကောင်းလာတယ်လို့လည်း ဦးဘိုဘိုဦးက ပြောပါတယ်။

စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိတာဟာ ထင်ရှားနေတာကြောင့် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတွေ တရားမျှတမှု ရရှိစေဖို့အတွက် NLD အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီထက်ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် အကြိမ် ၂၆ဝ ကျူးလွန်ခဲ့ပြီး သေဆုံးသူ အရပ်သား ၂၄၉ဝ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အပြင် ဖြစ်စဉ်နဲ့ သေဆုံးသူတွေရဲ့ ထက်ဝက်နီးပါးဟာ စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။