အာဆီယံဝန်ကြီးတွေ ပါဝင်ဆွေးနွေးမယ့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးဆိုင်ရာ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် ပါဝင်ဆွေးနွေးမယ့်အကြောင်း NUG အစိုးရက ကြေညာ ထားပါတယ်။
ဒီညီလာခံကို နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ အွန်လိုင်းကတစ်ဆင့် ကျင်းပမှာဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဘရူးနိုင်းလ် နိုင်ငံတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးတွေနဲ့အတူ NUG အစိုးရရဲ့ ဝန်ကြီး ဒေါက်တာ တူးခေါင်က မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်လို့ ဒေါက်တာ တူးခေါင် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီညီလာခံက အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားတာ ရှိ၊ မရှိတော့ မသိရပါဘူး။ ဆွေးနွေးမယ့် သူတွေရဲ့ စာရင်းမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို မတွေ့ရပါဘူး။ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေရင် သဘာဝပတ်ဝန်းကျင် မြန်မြန် ပျက်စီးနိုင်ကြောင်း၊ အာဆီယံဒေသအတွင်းမှာ မြန်မာနိုင်ငံ တစ်ခုပဲ ရေခဲတောင် ရှိတာဖြစ်လို့ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အာဏာရှင်လက်အောက်မှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမယ့်အရေးကို ဆွေးနွေးသွားမယ်လို့ ဒေါက်တာ တူးခေါင်က ဆိုပါတယ်။
ဒီညီလာခံကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ECCRI လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သုတေသန လုပ်ငန်းကနေ ဦဆောင်ကျင်းပတာ ဖြစ်ပါတယ်။