ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြားက ဖလမ်း-ဟားခါး လမ်းမကြီးပေါ်မှာ အောက်တိုဘာလ ၁၃ ရက် ဒီနေ့ နေ့လယ်ကစပြီး ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနားရွာ ငါးရွာက ဒေသခံတွေ အားလုံး ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်တို့ တားလ်ရွာတော့ မရောက်သေးဘူး၊ အခုဖြစ်တဲ့နေရာက လုံပီရွာနားမှာဖြစ်တာ၊ ဖလမ်းနဲ့ ခုနစ်မိုင်လောက်ဝေးတယ်၊ ငါးရွာလောက်တော့ တောထဲထွက်ပြေးပြီ၊ ကျနော်တို့လည်း ထွက်ပြေး နေရတယ်" လို့ တားလ်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိ တားလ်ရွာ၊ တလန်ရောန်ရွာ၊ ရီလ်တီးရွာ၊ လုံလမ်ရွာနဲ့ လုံပီးရွာက ဒေသခံတွေ နီးစပ်ရာ တောတောင် တွေထဲကို ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း ဖလမ်းမြို့နယ်ကနေ ဟားခါးမြို့ကို စစ်ကောင်စီတပ်သားတွေပါတဲ့ စစ်ကား ၁၀ စီးခန့် တက်သွားပြီး မကြာခင်မှာပဲ တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်ကို စစ်ဆင်ရေးလုပ်ဆောင်ဖို့စီစဉ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့ မနေ့ကတည်းက တင့်ကားနှစ်စီး၊ စစ်ကား ၄၈ စီးနဲ့ အင်အားအများအပြား ဖလမ်းမြို့နယ်ကို ရောက်နေတယ် လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။