အဓမ္မတပ်သားစုဆောင်းခံရတဲ့ လူငယ်တွေ လမ်းမှာထွက်ပြေးလွတ်မြောက်

RFA Burmese
2024.09.10
အဓမ္မတပ်သားစုဆောင်းခံရတဲ့ လူငယ်တွေ လမ်းမှာထွက်ပြေးလွတ်မြောက် စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး KNU နယ်မြေအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၂၇ ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Kwe Ka Lu News

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့မှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ် ၂၉ ဦးဟာ လေ့ကျင့်ရေးတပ်ကို ပိုဆောင်ချိန် လမ်းမှာတင် စစ်ကောင်စီတပ်သားတွေကို ပြန်လည်ခုခံပြီး ထွက်ပြေးလာတယ်လို့ KNU တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီလူငယ်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အဖမ်းခံရပြီး မြန်မာပြည်ဘက်ပြန်ပို့တဲ့အချိန် အတင်းအဓမ္မ စစ်သားစုဆောင်းခံရတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက RFA ကို ပြောပါတယ်။

"ထိုင်းကဖမ်းပြီးတော့ မြန်မာဘက်ခြမ်း ပြန်အပ်လိုက်တာ၊ အဲဒီပြန်အပ်တဲ့ လူတွေက လှေခုနစ်စီးပေါ့နော်၊ တိုင်းဗဟို ၁၂ ကို စကစက ခေါ်လာတဲ့အချိန်မှာ လှေတစ်စီးက မြန်မာ ၂၉ ယောက် ပါလာတယ်၊ အဲလှေပေါ်မှာ စစ်ကောင်စီတပ်သားနှစ်ယောက် အစောင့်ပါတယ်၊ အဲလူတွေက စစ်သားဆီက သေနတ်လုပြီးတော့ စစ်သားတွေကို ပစ်သတ်လိုက်တယ်၊ ပြီးတော့ ထွက်ပြေးလာတယ်၊ ထွက်ပြေးလာပြီးနောက် ကျွန်တော်တို့ တပ်ရင်း ၇ တပ်ခွဲ ၅ ဆီ ရောက်လာတယ်၊ လက်နက်နှစ်လက်နဲ့ ၂၇ ယောက် သူငယ်ချင်းနှစ်ယောက်က ပျောက်နေတယ်"

KNU နယ်ထဲရောက်လာတဲ့ လူငယ် ၂၇ ဦးထဲက ၂၂ ဦးဟာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ထားကြပြီး ကျန်တဲ့ငါးဦးကတော့ အိမ်ပြန်ဖို့ ဆန္ဒရှိကြတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလူငယ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ပုလောမြို့ရှိ တိုင်းဗဟို ၁၂ လေ့ကျင်ရေးကျောင်းကို ပို့ဆောင်ခံရတာ ဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၈ ရက်နေ့မှာ ပုလောမြို့နယ် ခန္တီရွာအနီး ပင်လင်ပြင်မှာ လှေအစောင့်နှစ်ယောက်ကို တိုက်ခိုက်ပြီး ထွက်ပြေးလာတာလို့ တနင်္သာရီတိုင်းသတင်းကလည်း ဖော်ပြပါတယ်။

ဒီစစ်မှုထမ်းဖို့ ဖမ်းဆီးထားသူတွေ လွတ်မြောက်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ထိုင်းနိုင်ငံဘက်မှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရပြီး မြန်မာပြည်ဘက် ပြန်လွှဲခံရသူတွေ စစ်ကောင်စီရဲ့ အတင်း အဓမ္မစစ်မှုထမ်း ဖမ်းဆီးတာခံနေရတယ်လို့ ရနောင်းအခြေစိုက် လူမှုရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ မိသားစုဝင်တွေနဲ့ ကော့သောင်းမြို့ခံတွေက RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။