တပ်နဲ့ ကြံ့ခိုင်ရေး ကန့်ကွက်မှုကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့စည်းမှု အဆင်မပြေ
2019.02.08
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေးဖွဲ့စည်းရေး ပထမအကြိမ် အစည်းအဝေးမှာ အဆင်မပြေတာတွေရှိတာကြောင့် နောက်တစ်ပတ်မှာ ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ကော်မတီမှာ လွှတ်တော် ကိုယ်စားလှယ် ၃၈၅ ဦးရှိတဲ့ အင်န်အယ်လ်ဒီပါတီက ၁၉ ဦး၊ ၁၆၆ ဦးရှိတဲ့ တပ်မတော်က ၈ ဦး၊ ၄၁ ဦးရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ ဦးရေ ၂၀ ကျော်ရှိတဲ့ ရခိုင်အမျိုးသားပါတီက ၁ ဦး၊ ၁၇ ဦးရှိတဲ့ ကျားခေါင်းပါတီက ၁ ဦး၊ ကျန်တသီးပုဂ္ဂလကိုယ်စားပြု ၁ ဦး ပါဝင်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်းမြတ်က အဆိုပြုတင်ပြ ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အချိုးရရှိမှုနည်းတယ်ဆိုပြီး ကန့်ကွက်ကြ တာကြောင့် ညှိနှိုင်းမှုအဆင်မပြေဘဲ နောက်တစ်ပတ်မှ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ဆွေးနွေးမှုအဆင်မပြေတာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်ကို မေးမြန်းခွင့်မရခဲ့ပါဘူး။
၂၀၁၃ ခုနှစ် ကြံ့ခိုင်ဖွံ့ရေးပါတီ ကိုယ်စားလှယ် အများစုရှိတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီ ၁၀၉ ဦးဖွဲ့စဉ်ကလည်း အခုလို အချိုးကျဖွဲ့စည်းခဲ့ဖူးပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။