လွှတ်တော်မှာ တပ်မတော်သားပါဝင်မှု ဖယ်ရှားဖို့ ရခိုင်အမျိုးသားပါတီတင်ပြ


2019.03.18
army-mp-622.JPG တပ်မတော်သား ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ကိုယ်စားလှယ်တချို့ရှိပေမယ့် အင်န်အယ်လ်ဒီပါတီကတော့ တဆင့်ချင်း လျှော့ချဖို့ အကြံပြုတာတွေ ရှိတယ်လို့ ကော်မတီဝင်တချို့က RFA ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက သူတို့အနေနဲ့ လွှတ်တော်မှာ တပ်မတော်သားတွေပါဝင်မှုကို ဖယ်ရှားပေးဖို့ တင်ပြတာရှိပေမယ့် NLD ပါတီကတော့ နောက်ထပ် လွှတ်တော်သက်တမ်း ၃ ကြိမ်အတွင်း တဆင့်ချင်းစီလျှော့ချသွားဖို့ အကြံပြုတယ်လို့ ဒီနေ့ နေပြည်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးအပြီး ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မေးမြန်းရာမှာတော့ တရားဝင်ထုတ်ဖော်ပြောဆိုလို့ မရသေးကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လွှတ်တော်ဖွဲ့စည်းပုံတွေနဲ့ပတ်သက်တဲ့ အခန်း ၄ ဥပဒေပြုရေးပါ ပုဒ်မ တစ်ဝက်လောက်ကို သုံးသပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၄၀ ဦးမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်မှုအရ အယောက် ၁၁၀၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၂၄ ဦးမှာ တပ်မတော်သား ဦးရေ ၅၆ ဦးထက်မပိုတဲ့ အရေအတွက်နဲ့ ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။