စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း

စစ်တွေ အမ်း ရထားလမ်းကို မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးနဲ့ ကိုက် ၅၀၀ အကွာက ဖောက်လုပ်မဲ့ လမ်းကြောင်းအစား တခြားလမ်းက လမ်းလွှဲဖောက်လုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်းသိရပါတယ်။

2010-11-29
Share
koe_thaung_temple_arakan_305_z.png ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နာမည်ကြီး ရှေးဟောင်း စေတီ ဖြစ်သော ကိုးသောင်းဘုရားကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ ရခိုင် မင်းနေပြည်တော်ဟောင်း မြောက်ဦးမြို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း ဘုရားနှင့် သမိုင်းဝင် အဆောက်အအုံ များစွာ တည်ရှိနေပါသည်။ (Photo: Jmhullot/ WikiMedia)
(Photo: Jmhullot/ WikiMedia)

ရန်ကုန်-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာမှာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးကုန်တဲ့အတွက် ဒေသခံတွေက တိုင်ကြားရာက အခုလို လမ်းလွှဲဖောက်လုပ်ဖို့ စီမံချက် ထွက်ပေါ်လာတာ ဖြစ်ကြောင်း ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို လေ့လာနေတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပို့တဲ့အခါမှာ ယဉ်ကျေးမှုဝန်ကြီးက အဲဒီ မီးရထားလမ်းကို တားပေးဖို့အတွက် စာထုတ်ပြီး ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ ခိုင်းကြောင်း ပြောပါတယ်။ အဲဒီလို ကွင်းဆင်း စစ်ဆေးပြီးနောက် ရထားလမ်းကို မြောက်ဖက်ကို ရွှေ့လိုက်ကြောင်း အဲဒီ ဒေသခံက ပြောပြပါတယ်။

ဒါ့အပြင်လည်း ပြိုပျက်နေတဲ့ သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားကြောင်းလည်း ပြောပါတယ်။

ရထားလမ်း ဖြတ်သွားတဲ့ ဇုံနယ်မြေအတွင်းမှာ နောက်ထပ် တစုံတရာ မြေကြီး မတူးရ၊ တောင်မဖြိုရ၊ နောက်တခါ ရှေးဟောင်း အဆောက်အအုံ တွေ့ရှိရင် ချက်ချင်း ရပ်ရမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုတဲ့ စာတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ကြောင်း သူက ပြောပြပါတယ်။

အခုလို လမ်းလွှဲဖောက်လုပ်မဲ့ အစီအစဉ်ကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှု နည်းပါးသွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားကြတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။