နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော

RFA Burmese
2024.11.05
နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံစဉ်။
MOI

တရုတ်-မြန်မာနယ်စပ်က ကုန်သွယ်ရေးစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားချိန်မှာပဲ နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်ခရီးစဉ်မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး Mr. Wang Ning နဲ့ တွေ့ဆုံချိန် အခုလိုပြောခဲ့တာပါ။

နယ်စပ်ဒေသတည်ငြိမ်မှ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး စီးပွားရေးအရ ကူးသန်းရောင်းဝယ်မှုတွေ ပိုပြီး အကောင်အထည်ဖော်နိုင်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီ့အပြင် နိုင်ငံတစ်ဝန်းက တရုတ်စီမံကိန်းတွေ တိုက်ခိုက်ခံနေရချိန်မှာ စစ်ခေါင်းဆောင်က စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက် သယံဇာတတွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ မြန်မာနဲ့ ယူနန်ပြည်နယ်အကြား စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှုအကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ဖို့နဲ့ နှစ်နိုင်ငံသဘောတူထားတဲ့ စီမံကိန်းလုပ်ငန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ငါးခုကို ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။