ကိုရိုနာကြောင့် နယ်စပ်ကုန်သွယ်ရေး တစ်ရက် ဒေါ်လာသန်း ၂ဝ နီးပါး ထိခိုက်နေ

သီဟထွန်း
2020-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကိုရိုနာ-ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အလွန်အမင်း ထိခိုက်နေ တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်တဲ့ပမာဏဟာ ၉ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

ကိုရိုနာ-ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးက အဆသုံးလေးဆယ် ကျဆင်းသွားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက သတင်းထောက်တွေကို ဒီကနေ့ ပြောကြားလိုက် ပါတယ်။

"အရင်တုန်းကတော့ ကျနော်တို့က တစ်နေ့ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကနေ သန်း ၂၀ လောက် ရောင်းနေ တာပေါ့နော်။ အခုဆိုရင် ဟိုတစ်နေ့ကဆိုရင် တစ်နေ့မှ ဒေါ်လာ ငါးသိန်းဖိုးလောက်ပဲ ရောင်းရတဲ့သဘောရှိတာ ပေါ့။ ဆိုတော့ ဒါကတော့ ကျသွားတဲ့အခြေအနေပေါ့ ။ အခုလုပ်နေပါတယ်။ ကျနော်တို့ရဲ့ စီးပွားရေး သံမှူးတွေက တဆင့် ဆောင်ရွက်နေတယ်။ နောက်ပြီးတော့ တခြားဈေးကွက်တွေကိုလည်း ကျနော်တို့ ချိတ်ဆက်နေပါတယ်။ ဒါပေမဲ့ ခုကတော့ ဖြစ်တဲ့သဘောက တကမ္ဘာလုံးလိုလိုဖြစ်တဲ့ သဘောဆိုတော့ ဈေးကွက်ကတော့ နည်းနည်းလေး အကျဘက်ကို ရောက်တဲ့သဘောရှိပါတယ်။ အဲတော့ ဒီအကျပ်အတည်းကျော်သွားမှပဲပေါ့၊ ကျနော်တို့လည်း ရောဂါရဲ့ထိပ်ဆုံးကို ရောက်ပြီလား ဆိုတာ စောင့်ကြည့်နေတယ်။ ရောဂါကတော့ ထိပ်ဆုံးကို ရောက်ပြီးရင် ပြန်ကျမယ့် အနေအထားရှိပါတယ်။ အဲဒါကတော့ ဘယ်လောက်ကြာမလဲဆိုတာတော့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒီကြားထဲမှာတော့ တခြားဈေးကွက်တွေကို ကျနော်တို့ရှာဖွေမှာဖြစ်ပါတယ်။"

ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဖေဖော်ဝါရီ ၂၇ ဝန်းကျင်လောက်မှာ  တရုတ်နိုင်ငံ ဘက်က ပြန်ဖွင့်ပေးဖွယ်ရှိတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ပြည်ပဈေးကွက် ဝယ်လိုအား ကျဆင်းလာတဲ့ အတွက် ပြည်တွင်းမှာ ဖရဲသီးနဲ့ သခွါးမွှေးတွေ ရောင်းချဖို့နေရာသတ်မှတ်ပြီး ရောင်းအားမြင့်တက်လာအောင် ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

စင်ကာပူ၊ လာအို စတဲ့ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ကုန်စည်တွေ တင်ပို့နိုင်အောင် ဆောင်ရွက်နေတယ် လို့လည်း ဒုဝန်ကြီးက ရှင်းပြသွားပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦး ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေး ၇၀% လောက် ကျဆင်းသွားတယ်လို့ ပြောပါတယ်။

"ဟုတ်တယ်၊ လက်ရှိအနေအထားနဲ့ကတော့ ကျနော်တို့ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းတာပေါ့နော်။ ပုံမှန် ကုန်သွယ်မှုပြုရာကနေပြီးတော့ပေါ့နော်၊ လက်ရှိတင်ပို့ရောင်းချမှု အနေအထားအရ ၇၀ ရာခိုင်နှုန်းကျဆင်း တာပေါ့၊ ပုံမှန်ရောင်းဝယ်ဖောက်ကားတဲ့ အနေအထားရဲ့ ကျနော်တို့ အသီးပို့ကုန်ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ တင်ပို့လို့ရတဲ့ အခြေအနေပေါ့၊ ဒီဘက်မှာတော့ ဘာပဲပြောပြော စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကတော့ ၇၀ ရာခိုင်နှုန်း အရှုံးပေါ်နေတယ်။"


မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေ တာ ဖြစ်ပါတယ်။  အဲဒီ သုံးနိုင်ငံအနက် မြန်မာက အများဆုံးဖြစ်ပြီး၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေထဲက ၅၀% ကျော်ကို နှစ်စဉ် တရုတ်နိုင်ငံကိုနယ်စပ်ဖြတ်ပြီး တင်ပို့လေ့ရှိကြောင်း  Nikkei Asian သတင်းမှာ ဖေါ်ပြထား ပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ-ဂန်းရှောင် (Mr. Geng Shuang) ကတော့ "တရုတ်နိုင်ငံ စီးပွားရေးအခြေအနေနဲ့ ရေရှည်ကောင်းမွန်တဲ့ အလားအလာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး" လို့  ဖေဖေါ်ဝါရီလ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း နောက်ဆုံးရ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၁,၁၁၃ ဦးနဲ့ ကူးစက်ပြန့်ပွားသူ ၄၄,၈၃၆ ဦး ရှိသွားပါပြီ။  ပြန်လည်ကျန်းမာလာသူ ကတော့ ၄,၆၈၆ ဦး ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့  မနေ့ညနေ ၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ စောင့်ကြည့်လူနာ ၁၆ ဦးကို  သက်ဆိုင်ရာဆေးရုံအသီးသီးမှာ ဆက်လက်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့