မင်္ဂလာဒုံ စက်ရုံတစ်ရုံမှာ လူ ၇၀၀ ကျော် ကိုဗစ်ပိုးတွေ့

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုထဲက ၇၁၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး လူအစုလိုက်အပြုံလိုက်အနေနဲ့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက် မနေ့ညက ထုတ်ပြန်ပါတယ်။

မင်္ဂလာဒုံမြို့နယ်ထဲက လူမှုကူညီရေးလုပ်နေသူ တစ်ဦးကလည်း Asia Optical မှန်ဘီလူး စက်ရုံမှာ လူအစုလိုက်အပြုံလိုက် ပိုးတွေ့ခဲ့တာ ဟုတ်တယ်လို့ RFA ကို အတည်ပြုပြော ပါတယ်။

"အလယ်ပေါက်မှတ်တိုင်၊ မင်္ဂလာဒုံ စက်မှုဇုန်ထဲမှာရှိတဲ့ မှန်ဘီလူးစက်ရုံ။ Asia Optical လို့ ကြားတာပဲ"

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဲဒီစက်ရုံက လူ နှစ်ထောင့် နှစ်ရာကျော်ကို စစ်ဆေးခဲ့ရာ ခုနှစ်ရာကျော်က ပိုးတွေ့ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အဲဒီထဲကမှ ရောဂါလက္ခဏာပြတဲ့သူ ရှစ်ဦးကို သတ်မှတ်ထားတဲ့ဆေးရုံမှာ ကုသပေးနေပြီး ကျန်တဲ့ ၇၁၀ ဦးကိုတော့ သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) တွေ့ရှိမှုဟာလည်း ဇန်နဝါရီ ၃၁ ရက် အထိ ၃၁၀ ဦး ရှိလာပြီလို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း Covid 19 မျိုးရိုးဗီဇပြောင်းပိုးဖြစ်တဲ့ အိုမီခရွန် (Omicron) ရောဂါပိုးရှိသူ ၇၂ ယောက်ကို စစ်ကိုင်းတိုင်း တမူးနဲ့ ကလေးမြို့တို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။