နိုင်ငံတစ်ဝန်း မြို့ပေါင်းနှစ်ဆယ်ကျော်မှာ ရေကြီးရေလျှံဖြစ်နေ
2024.07.14
ချင်းတွင်း၊ ဧရာ၀တီနဲ့ ဒုဌ၀တီမြစ်ဘေးက မြို့ပေါင်း ၂၂ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ဌာနက ဇူလိုင်လ ၁၅ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
ဧရာ၀တီမြစ်မှာတော့ မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတို့က မြို့ပေါင်း ၁၄ မြို့ ပါဝင်ပါတယ်။
ချင်းတွင်းမြစ်မှာတော့ မြစ်အထက်ပိုင်း ခန္တီးမြို့ကနေ မုံရွာမြို့အထိ မြို့ပေါင်း ခုနစ်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။ မန္တလေးတိုင်း မြစ်ငယ်မြို့မှာတော့ ဒုဌ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် တစ်ပေအကျော်ကို ရောက်ရှိနေပါတယ်။
ရေကြီးမှုတွေကြောင့် မြစ်ဝှမ်းတစ်လျှောက်က မြို့ရွာတွေမှာ သီးနှံစိုက်ခင်းတွေ ဧကသောင်းချီ ပျက်စီးတာ၊ လမ်းတံတားတွေ ပျက်စီးတာ၊ စာသင်ကျောင်းတွေ ပိတ်ထားရတာနဲ့ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မိုး/ဇလဌာနကတော့ ရေးကြီးရေလျှံဖြစ်နေတဲ့ မြို့တွေမှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။