စစ်အာဏာသိမ်းပြီးနောက် ဘာသာရေးလွတ်လပ်ခွင့်ပိုနည်းလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေ ပိုပြီးဆိုးရွားသွား‌ကြောင်း အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က ဒီနေ့ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ တိုးမြှင့်နေပြီး၊ ဒီလုပ်ရပ်တွေကို မြန်မာပြည်သူတွေနဲ့ အတူဆက်လက် ဆန့်ကျင်နေမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လိုတယ်လို့လည်း ကော်မရှင်ကပြောဆိုပါတယ်။

မြန်မာစစ်တပ်က ခရစ်ယာန်ဘာသာဝင်နဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နေတာတွေကို အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း USCIRF က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး အခြေအနေတွေ ထိခိုက်ယိုယွင်းခဲ့ရပြီး၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၁၅၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြား အထူးသဖြင့် ကယားပြည်နယ်မှာ ခရစ်ယာန်ဘာသာရေး အဆောက်အဦတွေ တိုက်ခိုက်ခံနေရတဲ့ ဖြစ်ရပ်တွေရှိပါတယ်။