အာဏာသိမ်း လေးနှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံးခဲ့ကြောင်း PKPF ပြော
2025.02.01

ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း အရပ်သား ခုနစ်ရာကျော် (၇၀၉ ဦး) သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲပေါင်း ၁၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၅၃၆ ဦးနဲ့ စစ်ဘေးဒုက္ခသည် ၁၇၃ ဦး စုစုပေါင်း ခုနစ်ရာကျော် (၇၀၉ ဦး) သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် မဟယ်လင်ကတော့ စစ်ကောင်စီတပ်ဟာ ကယားဒေသခံ တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလုပ်လာတယ်လို့ ပြောပါတယ်။
"ဘန်ကောက် စစ်ဘေးဒုက္ခသည်စခန်းဆိုရင် ဘယ်နှကြိမ်မှန်းမသိအောင်ကို ကြဲတာပေါ့။ ဒုက္ခသည်စခန်းတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက လုပ်လာတာပေါ့။ လေကြောင်းကနေ တိုက်ခိုက်တာက အခုနောက်ပိုင်း ပိုလုပ်လာတယ်"
ဒါ့အပြင် အာဏာသိမ်းလေးနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကရင်နီတပ်မတော် (KA) ဘက်က ကျဆုံးသူ ၆၇၄ ဦးနဲ့ စစ်ကောင်စီတပ်သား သုံးထောင့်ခြောက်ရာကျော် (၃၆၀၁ ဦး) သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံ ၅၄ လုံး၊ လူနေအိမ် ၂၈၆၆ လုံး၊ ဆေးရုံဆေးခန်း ၁၆ ခုနဲ့ စာသင်ကျောင်း ၂၆ ခု ပျက်စီးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။