ဦးမြအေးကို အခုလအတွင်း အပြီးသတ် အမိန့်ချဖွယ်ရှိ

2022.02.10
ဦးမြအေးကို အခုလအတွင်း အပြီးသတ် အမိန့်ချဖွယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ကို တွေ့ရစဥ်
Photo: RFA
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကို အခုလာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရုံးချိန်း ပြီးနောက် အပြီးသတ်အမိန့်ချဖွယ်ရှိတယ်လို့ ဦးမြအေးရဲ့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြားနာစစ်ဆေးခဲ့ပြီး လက်ရှိ စွဲဆို ထားတဲ့ပုဒ်မ ၅၀၅ (ဂ) အတွက် စွဲချက်တင်တဲ့ အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေ ဒေါ်တဉ္ဇာဦး က ပြောပါတယ်။
 
“စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက်ကို အမတို့က ပေးပြီးပြီ။ ပြီးတော့ တရားရုံးက စွဲချက်တင်သင့်ပြီလို့ ပြောလာတဲ့အတွက်ကြောင့်မိုလို့ ဒီ ၁၅ ရက်နေ့မှာ ဦးမြအေးကို စစ်မယ်။ တရားခံဘက်ကို စစစ်မယ်။ တရားခံပြသက်သေကို ဦးမြအေး ဘက်က ထည့်မထားဘူး။ သူပြီးရင် ပြီးပြီ။ အဲဒီတော့ ဘယ်လောက်မှ မလိုတော့ဘူး။ ဒီလထဲမှာပဲ အမိန့်ချတာတွေ လာမယ်နဲ့တူတယ်”
 
ဦးမြအေးဟာ ၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံဆီကို ရေးသားပေးပို့တဲ့ အီးမေးတစ်စောင်နဲ့ ပတ်သက်ပြီး လူမျိုးအချင်းချင်းကိုဖြစ်စေ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဖြစ်စေ တစ်ဖက်နဲ့ တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။
 
မြန်မာ့နိုင်ငံရေးကနေ စစ်တပ်လုံးဝ ထွက်သွားဖို့ အမြဲတိုက်တွန်းပြောဆိုတတ်တဲ့ ဦးမြအေး ကို အကြောင်းမရှိ၊ အကြောင်းရှာပြီး မတရားတဲ့ပုဒ်မတပ်ပြီး အရေးယူဖို့ စစ်ကောင်စီက ကြိုးစားနေတာသာ ဖြစ်တယ်လို့ ဦးမြအေးရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
 
“နိုင်ငံရေးသမားချင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းချင်း၊ မြန်မာ-မွတ်စလင် မိတ်ဆွေ အချင်းချင်းပဲဖြစ်ဖြစ် ဦးမြအေးကို လေးစားတယ်။ ၈၈ ကာလကနေ နိုင်ငံရေးမှာ တောက်လျှောက်ပါခဲ့ပြီးတော့ ဘဝတစ်ခုလုံး နိုင်ငံရေးကိုပဲ ဇောက်ချလုပ်ခဲ့တယ်။ ပြီးတော့သူက တစ်စုံလုံး၊ ပြည်သူတစ်ရပ်လုံးအတွက် စဉ်းစားနိုင်တဲ့လူ၊ မူဝါဒအပေါ်မှာ ရပ်တည်တဲ့သူပါ”
 
အခုချိန်မှာတော့ အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဦးမြအေးဟာ ကျန်းမာရေး မကောင်းသလို နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ ခြေထောက်ရောဂါပိုးဝင်ပြီး တစ်ခုခုဖြစ် သွားမှာကိုလည်း စိတ်ပူမိတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
 
ဦးမြအေးရှေ့နေ ဒေါ်တဉ္ဇာဦးကတော့ ခြေထောက်ကို ကုပြီး ဆေးရုံတက်နေရင် အမှုကြန့်ကြာသွားမှာဆိုးလို့ တရားရုံးကိစ္စတွေပြီးမှပဲ လိုအပ်ရင် ဆေးရုံပြန်တက်မယ်လို့ ဦးမြအေး က ပြောကြောင်း RFA ကို ပြန်ပြောပြပါတယ်။
 
“ကျန်းမာရေး အခြေအနေက ခြေထောက်က ပြန်ယောင်နေတယ်။ ဆေးရုံပြန်တက် ရမယ့် အခြေအနေရှိတယ်။ သူ့အမှုကို ပြီးအောင်လုပ်မယ်။ ပြီးလို့မှ မသက်သာရင် ဆေးရုံပြန်တက်မယ်။ အမှုတန်းလန်းကြီးဖြစ်နေတုန်း ဆေးရုံရောက်နေရင် ဒါကြီးက ကြန့်ကြာသွားမှာဆိုးလို့ သူရောဂါ အခြေအနေဘယ်လိုပဲရှိရှိ ပြီးအောင်စောင့်မယ်တဲ့။ တရားရုံးကိစ္စတွေပြီးရင် ဆေးရုံတက်စရာ တက်မယ်တဲ့”
 
ဦးမြအေးကို သူနေထိုင်တဲ့အိမ်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက စခန်းမှူး ဒုရဲမှူး ဇော်မင်းသူက တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ တရားစွဲတာပါ။ ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရမယ်လို့ ပြဌာန်းထားပါတယ်။
 
၁၉၈၈ ပြည်သူ့အရေးတော်ပုံအပြီးမှာ ဦးမြအေးဟာ အကြိမ်ကြိမ်ထောင်ချခံခဲ့ရပြီး နောက်ဆုံးမှာ ထောင်ဒဏ် ၆၅ နှစ် ၆ လ အပြစ်ပေးခံရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ထောင်ကပြန်လွတ်လာပြီးနောက် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။
 
သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင် ကတော့ နွေဦးတော်လှန်ရေးကို ပြည်ပကနေ ဦးဆောင်နေပြီး ဦးဂျင်မီကတော့ စစ်ကောင်စီကို လက်နက်ကိုင် အံတုလို့ သေဒဏ်ကျခံရတဲ့အတွက် အခု သူနဲ့အတူ အင်းစိန်ထောင်မှာ ရောက်ရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။