လွိုင်ကော် စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုဗစ်ပိုးတွေ့သူ ၂၂ ဦးထိရှိ

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အရှေ့မြောက်ဘက် စစ်ဘေးဒုက္ခသည်စခန်းမှာ Covid 19 ဖြစ်ပွားနေတဲ့သူ ၂၂ ဦးရှိတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစခန်းမှာ စစ်ဘေးဒုက္ခသည်ဦးရေ သုံးထောင်ဝန်းကျင်ရှိပြီး Covid 19 အတည်ပြုလူနာတွေကို သီးသန့် ထားကာ ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။

''ကျနော်တို့က လွိုင်ကော် အရှေ့မြောက်ဘက်စခန်းမှာ ၄ ရက်နေ့မှာ ကိုဗစ် positive ပေါ့နော်။ လေးယောက်တွေ့တယ်။ နောက် ၅ ရက်နေ့မှာ ကျနော်တို့ ၁၈ ဦးလောက် တွေ့တယ်။ ဆိုတော့ အဲစခန်း တစ်ခုတည်းမှာတင် ၂၀ ကျော်ဖြစ်နေပြီ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့မှ ဆိုတော့ ဒီအောက်ဆီဂျင်တွေက တကယ်လိုအပ်နေတယ်ပေါ့နော်။ တောထဲ တောင်ထဲ စစ်ရှောင်စခန်းဆိုတော့။ ဆေးဝါးလည်း မလုံ လောက်ဘူး''

ဖျားနာနေတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိစစ်ဆေးကြည့်တဲ့အခါမှာ ပိုးတွေ့လူနာတွေက လူငယ်ပိုင်းတွေ အများစု ဖြစ်တာတွေ့ရတယ်လို့ ပြောပါတယ်။

အရေးပေါ်ဖြစ်လာမယ့်လူနာတွေ အောက်ဆီဂျင်ပေးရမယ်ဆိုရင်တောင် အောက်ဆီဂျင်မရှိ၊ အတတ်နိုင်ဆုံး ဒေသခံဆေးမှူးတွေ၊ ဆေးဆရာမ တစ်ယောက် နှစ်ယောက်တို့နဲ့ပဲ ပြုစုစောင့်ရှောက်နေတယ်လို့ ပြောပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ သြဂုတ်လ ၅ ရက်နေ့အထိ Covid 19 အတည်ပြုလူနာ ၇၈၁ ဦး သေဆုံးသူ ၃၄ ဦးအထိ ရှိလာပြီလို့ ပြည်နယ်ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည် စခန်းပေါင်း ခြောက်ခုတို့မှာ လူဦးရေ တစ်သိန်းကျော်ရှိပြီး တချို့ စခန်းတွေဟာ တောတောင်တွေထဲမှာ အဆင်ပြေသလို ဖွင့်ထားရတဲ့အတွက် စုံစမ်းဖို့ လက်လှမ်းမမီတဲ့ အခြေအနေမှာ ရှိနေပါတယ်။