ကိုဗစ်လူနာ ၃၀ ရာခိုင်နှုန်းလောက် အောက်စီဂျင် အရေးပေါ်လိုနေ

နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021-07-12
Share

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း ပြင်းထန်နေပြီး၊ အောက်စီဂျင် မလုံလောက်တဲ့ ပြဿနာ ကြီးမားနေသလို ဖျားနာနေတဲ့သူ အယောက်တစ်ရာမှာ သုံးဆယ်ရာခိုင်နှုန်းလောက်ထိ အောက်ဆီဂျင်ရဖို့ လိုအပ်နေတယ်လို့ မန္တလေးမြို့အခြေစိုက် ဆရာဝန်တွေက RFA ကို ဒီနေ့ပြောပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်ကုသရေးနဲ့ဆိုင်တဲ့ နေရာတွေဟာ လူနာတွေကို အောက်ဆီဂျင် ၈၀ ရာခိုင်နှုန်း အောက်ရောက်မှ လာခဲ့ဆိုပြီး ပြန်လွှတ်တာတွေကြောင့် ပြင်ပမှာ အောက်ဆီဂျင်ရှာရတဲ့ ပြဿနာတွေ ဖြစ်လာနေတာလို့ မန္တလေးမြို့မှာ လူနာတွေကို ကုသပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ယောက်က RFA ကို ပြောပါတယ်။

“လူနာတွေကို spo2 ကျွန်တော်တို့ ဖြတ်ထားတာက ၉၄ အောက်ဆိုရင် အောက်ဆီဂျင် ရှူခိုင်းတယ်၊ ဆေးရုံသွားခိုင်းတယ်။ ၉၀ အောက် ဆေးရုံသွားခိုင်းတယ်။ လွှတ်လိုက်တယ်။ ဒါပေမဲ့ ကုတင်မရှိဘူး၊ ၉၀ အောက်မလာနဲ့၊ ၈၀ အောက်မှပြန်လာခဲ့ဆိုတာတွေ ရှိတယ်။ ဘယ်နိုင်ငံမှ ၈၀ အောက်မှ ဆေးရုံတက် ဆိုတာ မရှိဘူး။ အဲဒီမှာ လူနာတွေက ပြန်လာတယ်၊ သွားလို့မရဘူးဆိုပြီး၊ ဒုက္ခရောက်ကြတယ်။ အဲဒီမှာ လူနာတွေက အောက်ဆီဂျင် ဘယ်မှာရတယ်ဆိုပြီး သွားယူပြီး အိမ်မှာတင် ကုပေး နေရတာ”

ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ကျလာလို့ အကူအညီတောင်းခံနေကြတာကို ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာ မှာ အတော်များများ တွေ့နေရသလို အောက်ဆီဂျင် မရလို့ သေဆုံးသွားသူတွေရဲ့ သတင်းတွေကိုလည်း မပြတ်တွေ့နေရပါတယ်။

ကူးစက်မှုပိုမြန်ပြီး အသက်သေစေလောက်အောင် ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း ပိုးသစ်တွေဖြစ်တဲ့ Alpha, Delta နဲ့ Gamma ပိုးသုံးမျိုးစလုံးကို မြန်မာနိုင်ငံမှာ တွေ့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လတုန်းက ကြေညာထားပါတယ်။

covid-test.jpg
ရန်ကုန်ကို လေကြောင်းနဲ့ခရီးသွားမည့်သူများကို ၂၀၂၀ ဒီဇင်ဘာ ၂၂ ရက်နေ့က လားရှိုးမှာ တစ်ခါသုံး ကိုဗစ်စစ် ကိရိယာနဲ့ စစ်ဆေးနေစဥ်

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့ အရည်အတွက်က ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့ပေါင်းမှာ ဇူလိုင် ၁၀ ရက်ည ၈ နာရီကနေ ဇူလိုင် ၁၁ ရက် ည ၈ နာရီထိ ၂၄ နာရီအတွင်း လူ တစ်သောင်းတစ်ရာကျော် စစ်ဆေးခဲ့ပြီး အဲဒီထဲက ၃၄၀၀ ကျော်မှာ ပိုးကူးထားတာ တွေ့ ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ ထုတ်ပြန်ချက် အရ လူဦးရေအနည်းဆုံး ခြောက်သန်းကျော်ရှိတဲ့ ရန်ကုန်မြို့မှာ လူတစ်ထောင်ကျော်ကိုပဲ စစ်ဆေးနိုင်တာတွေ့ရပြီး လူကိုးထောင်ကျော်ကိုတော့ နေပြည်တော်မှာ စစ်ဆေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာ လူပေါင်း ဘယ်လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရလဲဆိုတဲ့ သတင်း တိတိ ကျကျ ကောက်နိုင်ဖို့ ခက်ခဲနေပါတယ်။

ဒီလိုအချိန်မှာ အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာတွေများနေပေမယ့် အောက်ဆီဂျင် ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ နေရာအတော်များများကို အာဏာသိမ်း စစ်ကောင်စီဘက်က ပိတ်ပင် ကန့်သတ်လိုက်ပါတယ်။

"သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ထောက်ခံချက်နဲ့ သွားရောက်ဖြည့်တင်းနိုင်ကြောင်း ကျွန်တော် ဒီနေရာကနေ ပြောလိုပါတယ်"

အောက်ဆီဂျင်ကို စျေးတင်ရောင်းနေတာတွေနဲ့ လိမ်လည်တာတွေအပေါ် တိုင်စာတွေရထားတာကြောင့် အခုလို ကန့်သတ်လိုက်ရတာလို့ စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ဒီကနေ့ နေ့လယ်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့ မှန်ပါတယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ဟာတချို့ကို ကျွန်တော်တို့အနေနဲ့ ကန့်သတ်ထားတာ ရှိပါတယ်၊ ဘာကို ကန့်သတ်လိုက်လည်းဆိုတော့ တစ်ဦးချင်း လာဖြည့်တဲ့ဟာတွေကို ဖြည့်မပေးဘဲနဲ့ အဓိက လိုအပ်နေတဲ့ ဆေးရုံ၊ ဆေးခန်းတွေသာ ဖြည့်ပေးဆိုပြီး ကန့်သတ်လိုက်တာမျိုး ရှိပါတယ်၊ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတော့ ထုံးစံအတိုင်းပဲ နံပါတ်တစ်မျိုးကတော့ ဒီဟာနဲ့ ပတ်သက် ပြီးတော့ အွန်လိုင်းမှာ လိမ်နေတဲ့ဟာတွေရှိတယ်၊ အောက်ဆီဂျင်အိုး လာယူပါဆိုပြီးတော့ ဘယ်လောက် ပေးရမယ်တို့၊ ငွေပေးလိုက်လည်း မရတာတွေ ရှိပါတယ်။ လက်တွေ့လည်း တိုင်ကြားစာတွေ ရတယ်၊ ကျွန်တော်တို့ သိလည်း သိနေပါတယ်၊ နံပါတ်နှစ် တစ်မျိုးကတော့ ဒီအောက်ဆီဂျင်ကို မလိုအပ်ဘဲနဲ့ ယူတာပေါ့နော်။ သို့သော် တကယ်လိုလို့ သွားဖြည့်တဲ့ဟာတွေသည် သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ထောက်ခံချက်နဲ့ သွားရောက်ဖြည့်တင်းနိုင်ကြောင်း ကျွန်တော် ဒီနေရာကနေ ပြောလိုပါတယ်။”

ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေ အားလုံးနီးပါးလည်း လူနာတွေပြည့်နေသလို တချို့ကို လက်မခံဘဲ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းတွေကြောင့် သွားကို မသွားကြတော့ဘဲ အိမ်မှာပဲ အောက်ဆီဂျင်နဲ့ နေနေကြသူတွေ များလာတယ်လို့ မန္တလေးမြို့အခြေစိုက် ပရဟိတ မင်းခေါင်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

“အခြေအနေတွေတော့ အောက်ဆီဂျင် ပြတ်လပ်ပြီးတော့ အိမ်တွေမှာပဲ သေသေနေလို့ တစ်ရက် တစ်ရက်ကို မနည်း။ မနေ့ကဆို ၃၈ ယောက်၊ အဲဒါနေ့စဉ်ကို ဖြစ်နေတာ၊ ဒီနေ့လည်း မနည်းဘူး၊ မနည်းဘူး လိုက်ကောက်နေရတာ။ အဲဒီအောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေကြတာတွေက၊ စင်တာတွေမှာ မလောက်တာလည်း ပါတယ်။ တချို့ကလည်း စင်တာတွေက ပြန်ပြန်လွှတ်နေတာကို သိနေတဲ့ အခါကျတော့ မသွားကြတော့ဘဲနဲ့ အိမ်မှာပဲနေပြီးတော့ ကိုယ့်ဟာကိုယ် အောက်ဆီဂျင်လေးပဲ ရှူပြီးတော့ နေကြတာပေါ့၊ အဓိကက အောက်ဆီဂျင်အိုး မရတာရယ် အိုးရှိပြန်တော့လည်း အောက်ဆီဂျင်ဓာတ်ငွေ့ မရတာပေါ့၊ စက်ရုံတွေက နိုင်အောင်မပေးနိုင်တာ”

မန္တလေးမှာတော့ အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံတွေအနေနဲ့ ပြည်သူတွေကို အောက်ဆီဂျင် လုံးဝမရောင်းဖို့ စစ်ကောင်စီက ပိတ်ပင်လိုက်တာမဟုတ်ဘဲ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေကို ဦးစားပေးပြီး ဖြည့်ပေးဖို့ ပြောတာလို့ ဦးခင်မောင်ဝင်း က ဆိုပါတယ်။

ဒါပေမဲ့ မန္တလေးမြို့မှာ ဇူလိုင်လ ၁၁ ရက် မနေ့က တစ်ရက်အတွင်း အောက်ဆီဂျင် မရလို့ သေဆုံးတဲ့သူ အယောက် ၃၀ ထက်မနည်း ရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက တစ်ဆင့် သိရပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဌာန ပြောခွင့်ရ ဒေါက်တာ ခင်ခင်ကြီး ကတော့ အောက်ဆီဂျင်တစ်မျိုးတည်းနဲ့ ကိုဗစ်-၁၉ ကို ကုမရသလို အိမ်မှာ ကိုယ့်သဘောနဲ့ကိုယ် အောက်ဆီဂျင်ပေးတာ ကောင်းကျိုးထက် ဆိုးကျိုး ကိုပဲ ဖြစ်စေနိုင်ပြီး အောက်ဆီဂျင် အလွန်အကျွံ ဝယ်ကြတဲ့အတွက်ကြောင့်သာ ရောဂါတွေ ပိုကူးပြီး သေနိုင်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

"ဒုတိယလှိုင်းမှာတုန်းက ရောဂါဖြစ်နှုန်းကလည်း စနစ်တကျ ထိန်းချုပ်နိုင်တာဖြစ်တဲ့အတွက် ရောဂါကူးစက်နှုန်းနဲ့ ဖြစ်ပွားတဲ့နှုန်းက တအား မများဘူးပေါ့"

ပြည်သူတွေ မလိုအပ်ဘဲ အောက်ဆီဂျင်သုံးနေတယ်ဆိုတာမျိုး မဟုတ်ဘူးလို့ ရှမ်းပြည်နယ်က အမည် မဖော်လိုတဲ့ CDM သူနာပြုဆရာမတစ်ယောက်က ပြောပါတယ်။

“လူနာတွေက CDM လုပ်နေတဲ့ဆရာတွေ ဆရာမတွေ ဆီကနေတဆင့် ဆက်သွယ်အကူအညီ တောင်းပြီးတော့မှ ဆေးဝါးတွေ သောက်တာရှိသလိုပဲ၊ အောက်ဆီဂျင် ပေးရမယ့်ပမာဏ၊ အောက်ဆီဂျင် ယူရမယ့်ပမာဏကိုလည်း သူတို့တွေက ဖုန်းနဲ့ဖြစ်ဖြစ်ပေါ့လေ CDM ဝင်နေတဲ့ ဆရာမတွေနဲ့ တိုင်ပင်တာ ဖြစ်တဲ့အတွက် မလိုအပ်ဘဲနဲ့ ယူနေတယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူးပေါ့။ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို မတိုင်ပင်ဘဲနဲ့ သုံးတာမျိုးကတော့ မဖြစ်သင့်ဘူး ပေါ့လေ။ ဒုတိယလှိုင်းမှာတုန်းက သူတို့ အောက်ဆီဂျင်ကို ဘာလို့ အသည်းအသန် မလိုကြလဲဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်က အရမ်းမြင့်တယ်။ ရောဂါဖြစ်နှုန်းကလည်း စနစ်တကျ ထိန်းချုပ် နိုင်တာ ဖြစ်တဲ့အတွက် ရောဂါကူးစက်နှုန်းနဲ့ ဖြစ်ပွားတဲ့ နှုန်းက တအား မများဘူးပေါ့၊ ဒီတတိယလှိုင်း မှာတော့ ရောဂါကူးစက်နှုန်းက မြင့်မားတယ် မြင့်မားတဲ့အတိုင်းပဲ ဖြစ်တဲ့လူတွေလည်း များတယ်၊ သေတဲ့သူတွေလည်းများတယ်”

လက်ရှိ တတိယလှိုင်းကာလမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဆေးရုံ၊ ဆေးခန်းတွေကို အရင်ထက် ယုံကြည်မှု နည်းလာပြီး အိမ်မှာပဲ ကုသနေကြတာက များတယ်လို့လည်း CDM သူနာပြုက ဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာလည်း နေ့စဉ် ကိုဗစ်ရောဂါ အတည်ပြုလူနာတွေ ပိုများလာသလို၊ အောက်ဆီဂျင် ပြတ်ပြီး အသက်ဆုံးရှုံးရတဲ့သူတွေလည်း ပိုများလာနေတယ်လို့ ပရဟိတအသင်းတွေက ပြောပါတယ်။

အောက်ဆီဂျင်လိုသလောက် မရတော့တာကြောင့် မိုဘိုင်းစနစ်နဲ့ လိုတဲ့အိမ်လိုက်ပြီး ရှူခိုင်းတာတွေ လုပ်နေရတယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာ့စိတ်ရင်း ပရဟိတအဖွဲ့ ခေါင်းဆောင် ကိုမိုးမာန်က ပြောပါတယ်။

“အောက်ဆီဂျင်က ဒီအချိန်မှာက လူကြီး၊ လူငယ် အားလုံး လိုအပ်နေတယ်။ သို့သော်လည်း ဆီးချိုနဲ့ ကျောက်ကပ် အခံရှိသူတွေကတော့ ပိုပြီးတော့ ဆိုးတဲ့အခြေအနေ ရောက်နေတယ်ပေါ့။ အောက်ဆီဂျင် ပြတ်လပ်လို့၊ ရှူရင်းနဲ့ လုံးဝ အောက်ဆီဂျင် ကျသွားလို့ဆိုပြီးတော့မှ အဲဒါကိုလာပြီးတော့ ကူညီပေးပါ ဆိုတဲ့ဟာက ဆယ်ယောက်လောက် ကျန်တယ်။ ဒီရက်ပိုင်းအတွင်း၊ အခုဆိုရင် အရေးပေါ်ကျသွားတဲ့ လူတွေကို လိုက်ပြီးတော့ ရှူခိုင်းတဲ့စနစ်လေး လုပ်ပေးနေတယ်၊ အရေးပေါ် အသက်ကယ်တဲ့ အနေအထား ပေါ့။ ၉၉ လောက် ပြန်တက်သွားပြီဆိုရင်တော့ နောက်ထပ် ဘာလုပ်သင့်လဲ ဆက်လုပ်လို့ရသွားပြီလေ။ ကျနေရင်းနဲ့က ထိုးပြီး ထပ်ကျသွားနိုင်တဲ့ အခြေအနေပဲ ရှိတယ်။ အဲဒီတော့ ဖြည့်ပေးမယ့် စက်ရုံလေး ဘာလေးရှိရင်တော့ အဆင်ပြေတာပေါ့နော်”

ရန်ကုန်မြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ လက်ရှိ အောက်ဆီဂျင်ပြဿနာကိုပဲ ဦးစားပေး ကူညီဖြေရှင်း နေရပြီး မြန်မာ့စိတ်ရင်းအဖွဲ့ဆီလည်း တစ်ရက်ကို အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှု ထောင်ချီရှိတာကြောင့် ဒီအခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတယ်လို့ ကိုမိုးမာန်က ပြောပါတယ်။

လတ်တလောမှာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ စုပေါင်းပြီး အွန်လိုင်းကနေ လူနာတွေကို ကြည့်ရှုကုသပေးတာ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ကုသပေးတာတွေ လုပ်ဆောင် နေကြသလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကနေ စေတနာ့ဆရာဝန်အဖွဲ့တွေမှာ တစ်နေ့ကို ကိုဗစ်လူနာ ၃၀၀ နီးပါးထိ ကြည့်ရှု ကုသပေးနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ဇူလိုင် ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်း ကိုးသောင်းကျော် ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၃၈၃၈ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့