ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတော်တော်များများမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ နှုန်းတွေ ပြန်တိုးလာနေတယ်လို့ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ပရဟိတ အကူအညီပေးနေသူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ရန်ကုန်မြို့ဆေးခန်းတွေမှာ ဒီရက်ပိုင်း ကိုဗစ်လူနာတွေ စုပြုံကျနေတယ်လို့ ပြောပါတယ်။
"ရပ်ကွက်ဆေးခန်းလေးတွေမှာ အရင်က လူနာ ၁၀ ယောက်လောက်ပဲ ကြည့်နေရပေမယ့် ဒီတစ်ပတ်ထဲမှာ လူနာ ၅၀/၆၀ လောက် ပုံမှန်ဖျားပြီး လာပြတဲ့အထိ ဖြစ်သွားတယ်၊ ရန်ကုန်မှာဆိုရင် ရပ်ကွက်တွေထဲမှာရော ဆေးခန်းတွေမှာရော တန်းစီတာမြင်ရလိမ့်မယ်။ ဆေးခန်းတွေမှာ လူနာတွေပြုံကျနေတယ်၊ အွန်လိုင်းမှာဆိုလည်း ဖျားနာတယ်လို့ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေတာတွေမြင်ရမယ်"
သူဟာ NLD အစိုးရလက်ထက်တုန်းက ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဆရာဝန်တစ်ဦးပါ။
လက်ရှိ ရောဂါကူးစက်မှုနှုန်းတွေ တိုးလာနေတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း ပြန်ဖြစ်လာပြီလို့ ယူဆနိုင်ကြောင်းလည်းပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက အစိုးရကျန်းမာရေး ဝန်ထမ်း ၇၅ ရာခိုင်နှုန်းဟာ စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းကပြောပါတယ်။
ဒါကြောင့် ကိုဗစ်စစ်ပေးမယ့် လူအင်အား လုံလုံလောက်လောက်မရှိလို့ အခုဖြစ်နေတဲ့ ကိုဗစ်ဟာ ဘာအမျိုးအစားလဲဆိုတာ သေချာမပြောနိုင်ဘူးလို့ အဲ့ဒီဆရာဝန်က ဆိုပါတယ်။
"မြို့နယ်တိုင်းမှာလည်း Fever Clinic တွေမရှိတော့ဘူး၊ ဆေးရုံတွေမှာလည်း fever corner တွေ သိပ်ပြီးတော့ အလုပ်လုပ်နေတာ မရှိတော့ အခြေခံ ကျန်းမာရေးတွေဖြစ်တဲ့ GP ဆေးခန်းတွေ၊ ပြင်ပဆေးရုံတွေကပဲ လက်ခံကုသပေးရတဲ့သဘော ဖြစ်နေတယ်၊ မြေပြင်မှာကျတော့ စစ်ဖို့မလွယ်တော့ Omicron လား Delta လားမသိရဘူး၊ ကိုဗစ် ရှိ၊မရှိဆိုတာပဲ သိရတယ်။ ဒီ နှစ်လပိုင်းထဲမှာ ကိုဗစ်လှိုင်းတစ်ခုထပ်တက်လာတဲ့ အနေအထားကိုမြင်နေရတယ်"
နိုင်ငံခြားက ပြန်ဝင်လာတဲ့သူတွေနဲ့ ပြည်တွင်းခရီးသွားတွေဆီကတဆင့် ကိုဗစ်ပိုးတွေ ပြန်ကူးစက်လာတာ ဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
ကိုဗစ်ကူးစက်ခံထားရတဲ့ ရန်ကုန်မြို့က အသက် ၂၈ နှစ်အရွယ် ကိုအောင်ပြည့်ဦးကတော့ သူဘယ်နေရာက ဘယ်လို ကူးဗစ်ကူးစက်ခံခဲ့ရမှန်း မသိဘူးလို့ ပြောပါတယ်။
"လူသူထူထပ်တဲ့နေရာတွေ သွားမိတယ်ပေါ့လေ၊ လူ ခုနှစ်ယောက်လောက် ကြပ်ပိတ်သိပ်နေတဲ့ ဓာတ်လှေခါးစီးမိတော့ အဲ့ဒီထဲမှာကူးတာလည်း ဖြစ်နိုင်တယ်၊ ကျန်းမာရေး အသိပညာပေး အားနည်းသွားပြီ၊ အရင်တုန်းကတော့ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေမှာ နိုင်ငံတော်စီမံချက်အရ အပြင်မထွက်နဲ့ဆိုတော့ အလုပ်တွေ၊ အလုပ်သမားတွေလည်း ရပ်နားရတယ်။ အခုနိုင်ငံတော်ရဲ့ စီမံချက်မရှိတော့ ကိုယ့်ဟာကိုယ် ကာကွယ်ကြရတာ များပါတယ်"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မတ်လကုန်ပိုင်းက ပထမဆုံး ကိုဗစ်ရောဂါပိုးတွေ့လူနာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို တင်းတင်းကြပ်ကြပ်လုပ်ခဲ့ပါတယ်။

အပတ်စဉ် ကိုဗစ်ကူးစက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တင်ပြတဲ့ မိန့်ခွန်းပြောဆိုတာ၊ ကိုဗစ်ကူးစက်ခံရသူတွေအပါအဝင်၊ ဆရာဝန်၊ သူနာပြု ကျန်းမာရေး ဝန်ထမ်းတွေ၊ တာဝန်ရှိ အစိုးရဝန်ကြီးတွေနဲ့ စကားဝိုင်းတွေလုပ် ကိုဗစ်တားဆီးရေး အဖြေရှာဆွေးနွေးခဲ့တာပါ။
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးလို့ အကူအညီပေးနေသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။
NLD အစိုးရ လက်ထက်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကို ကုသရေးဆေးရုံတွေမှာ ကုသပေးပြီး သံသယရှိတဲ့သူတွေကို ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်တာဖြစ်ပါတယ်။
အခုစစ်အာဏာသိမ်းပြီးနောက် အဲ့ဒီကွာရန်တင်း စင်တာတွေ မရှိသလောက်နည်းသွားတယ်လို့ ကိုဗစ်လူနာတွေကို အကူအညီပေးနေသူတွေကပြောပါတယ်။
မကွေးမြို့က လူမှုကူညီရေး အသင်းဝင် တဦးပြောပြတာက ... "ပထမဆုံး ကိုဗစ်လှိုင်းတုန်းကလို ကိုဗစ်ဖြစ်တဲ့သူကို ဆေးရုံပို့မယ်၊ ကျန်တဲ့သူကို ကွာရန်တင်းစင်တာကို ပို့မယ်ဆိုရင် အမြန်ဆုံး ထိန်းချုပ်နိုင်မှာပေါ့၊ အခုကျတော့ ဘယ်ကစထိတွေ့တာတုန်းဆိုတာ ရှာလို့ကိုမရတော့ဘူး။ ကိုဗစ်ဖြစ်ရင် လူတွေက အိမ်မှာမထားချင်ဘူး၊ဆေးရုံပို့ကြတာ၊ ဆေးရုံရောက်တော့လည်း ဆေးရုံက လက်မခံ အိမ်ပြန်ပို့တော့ ကျနော်တို့ နှစ်ကြောင်းစီပြေးနေရတယ်၊ ဒီအခက်အခဲတော့ရှိတယ်"
NLD အစိုးရ လက်ထက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁၃၈ ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူက တစ်သိန်းလေးသောင်းကျော် ရှိခဲ့တာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီလက်ထက်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ သတင်းအချက်အလက်ရနိုင်ဖို့ ခက်ခဲသွားပါတယ်။
လက်ရှိ ခံစားနေကြရတဲ့ အိုမီခရွန် ရောဂါပိုးသစ်ဟာ အရင်က ကိုဗစ်ပိုးလို ရောဂါမပြင်းဘူးလို့ ပြည်သူတွေက ခံယူထားကြပြီး ကိုဗစ်စည်းကမ်းတွေကို လိုက်နာမှု အားနည်းလာတယ်လို့လည်း မန္တလေးက ပရဟိတသမားတဦးကပြောပါတယ်။
"ပုံမှန် တုပ်ကွေးထက် နည်းနည်းပဲပိုတယ်လို့ ပြောနေကြတော့၊ နည်းနည်းတော့ ပေါ့ကြတယ်၊ သေတဲ့သူကတော့ သေဆုံးမှုရှိတယ်၊ ဖြစ်လာပြီဆိုရင် သေတာ မသေတာနောက်ထား၊ မိသားစုတွေက ဒီအချိန်မှာ အဆင်ပြေတာ နည်းပါးကြတယ်၊ ခေတ်ကာလအရ ဆေးရုံဆေးခန်းတွေလည်း ရှားပါးနေတော့ ဂရုတစိုက်နေစေချင်တယ်" လို့ပြောပါတယ်။
သူတို့ ပရဟိတအဖွဲ့အနေနဲ့ ကိုဗစ်စတုတ္ထလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။

လတ်တလော စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး တနေ့ကို ပိုးတွေ့လူနာ ၁ဝဝဝ ကျော်ရှိတာဖြစ်ပါတယ်။ အရင်ရက်တွေက သုံးရာကျော်လောက်ပဲရှိခဲ့ရာကနေ တဟုန်ထိုး တက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီကျန်းမာရေးဌာနရဲ့ ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးနဲ့ ဦးသန်းနိုင်စိုး တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားရသူ စုစုပေါင်း ၅၄၁၉၀၄ ဦး ရှိပြီး၊ သေဆုံးသူစုစုပေါင်း ၁၉၃၁၀ ဦးရှိပါတယ်။ အိုမီခရွန် ရောဂါပိုး သစ်ကူးစက်ခံရသူ စုစုပေါင်းက ၃၄၈ ဦးရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စာရင်းကောက်ဖို့ ခက်သွားတာကြောင့် ကူးစက်နှုန်းရော သေဆုံးနှုန်းရော အရေအတွက်ဟာ စစ်ကောင်စီက ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၉.၄၅ သန်းဟာ ကာကွယ်ဆေးထိုးပြီးပြီလို့ လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။