စစ်ကောင်စီကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူဖို့ CRPH လျှောက်ထား

2021-03-09
Share
စစ်ကောင်စီကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူဖို့ CRPH လျှောက်ထား ရန်ကုန်မြို့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို မတ်လ ဆန်းပိုင်းမှာ မြင်တွေ့ရစဉ်
Photo: RFA

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ စစ်ဆေးအရေးယူပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဦးတိုက်လျှောက်ထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက မတ်လ ၉ ရက်နေ့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အခုလ ၄ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တုံ့ပြန်ချက်ကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားတာ မရှိပါဘူး။

“တရားလွှတ်တော်ချုပ်ကို လျှောက်တယ်။ ရဲအရေးမပိုင်လို့ ဦးတိုက်လျှောက်တယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒါကို လက်ခံတယ်ဆိုရင် အမှုကို ကြားနာစစ်ဆေးမယ်။ တရားလွှတ်တော်ချုပ်က ဒါကို လက်ခံ၊ လက်မခံဆိုတာကတော့ တရားလွှတ်တော်ချုပ်ရဲ့ သမိုင်းဖြစ်သွားမယ်။ တရားလိုဖြစ်တဲ့ CRPH ဘက်ကလည်း နိုင်ငံတော် သစ္စာဖောက်ဖျက်မှုမြောက်တယ်ဆိုတာ သက်သေအထောက်အထား အခိုင်အမာပြဖို့လိုတယ်။ တရားဝင် တည်ဆဲအစိုးရတစ်ရပ်ပေါ်မှာ သစ္စာဖောက်တယ်ဆိုတာကို သက်သေပြရမယ်။” လို့ ရန်ကုန်မြို့နေ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းကောင်စီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ မတရား အာဏာသိမ်းယူခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၁)၊ ၁၂၄-က တို့နဲ့ စစ်ဆေးစီရင်နိုင်ဖို့ CRPH က တရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ (၁) အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ နဲ့ သေဒဏ်ကျခံရနိုင်သလို ၁၂၄-က အရ ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်ပါတယ်။

တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့