စစ်မှုထမ်းခိုင်းတာဟာ အဓမ္မစေခိုင်းမှုဖြစ်တယ်လို့ CTUM ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (အညာသားလေး)

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာဟာ အဓမ္မစေခိုင်းမှုဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အမိန့်ကြေညာချက်ဟာ နိုင်ငံတကာ အလုပ်သမားစံနှုန်းတွေကို ‌ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေတာဖြစ်တယ်လို့ CTUM က ဖော်ပြထားပါတယ်။

ဒီအတွက် ၂၀၂၄ ခုနှစ် မတ်လမှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အုပ်ချုပ်ရေးအဖွဲ့မှာ မြန်မာနိုင်ငံကို ILO ဥပဒေ ပုဒ်မ (၃၃) ကို အမြန်ဆုံး အတည်ပြုပေးဖို့ကိုလည်း CTUM က အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) နဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (Global Union) တို့ကတစ်ဆင့် တိုက်တွန်းထားပါတယ်။

ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ အဓမ္မလုပ်အားပေးခိုင်စေမှု ကျုးလွန်တာ၊ အသင်းပင်းဖွဲ့စည်းမှု ပိတ်ပင်တားမြစ်တာတွေရှိခဲ့ရင် အတည်ပြုလို့ရပြီး အဲဒီကနေတစ်ဆင့် အရေးယူမှုတွေ လုပ်ဆောင်တာပါ။

ယခင်စစ်အစိုးရ လက်ထက်တုန်းက ILO ရဲ့ ပုဒ်မ (၃၃) နဲ့ အရေးယူခဲ့ဖူးပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ တားဆီးကန့်သတ်ချက်တွေကို ILO က ရုပ်သိမ်းပေးခဲ့တာပါ။

လက်ရှိမှာတော့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပါတယ်။