ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ဒီနေ့ နေပြည်တော်တရားရုံးမှာ ကျင်းပ

ဇွန်လ ၁၉ ရက် မနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေ နဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့ ကိတ်မုန့်ကို ကြိုတင်ယူဆောင်လာခဲ့ပြီး တရားခွင်မစတင်ခင် မနက် ၉ နာရီခွဲတဲ့အချိန် ရှေ့နေတွေနဲ့ တွေ့ဆုံစဥ်မှာ ကိတ်မုန့်ခွဲပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတွေက သူ့အတွက် မွေးနေ့ဆုတောင်းပေးကြတာကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်သူတွေ ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွေးနေ့ကိတ်ကို သူ့ရဲ့အကျိုးဆောင်ရှေ့နေတွေအပြင် တရားရေးဝန်ထမ်းတွေ၊ လုံခြုံရေးဝန်ထမ်း တွေနဲ့ အောက်ခြေအဆင့် ဝန်ထမ်းတွေကိုလည်း ဝေငှကျွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ NLD အစိုးရလက်ထက်မှာ ရဟတ်ယာဥ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တဲ့ အဂတိမှုအတွက် တရားလိုပြသက်သေဖြစ်တဲ့ NLD အစိုးရလက်ထက်က လူကယ်ပြန် ဒု-ဝန်ကြီး ဦးစိုးအောင်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ရုံးချိန်းကိုလာရောက်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ပွဲကို ပြည်တွင်းမှာရော ပြည်ပမှာပါ ပုံသဏ္ဍာန်မျိုးစုံ နည်းလမ်းမျိုးစုံနဲ့ ကျင်းပခဲ့ကြပြီး သူအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ သူ့ရဲ့ နိုင်ငံရေးခရီးကြမ်း ၃၄ အတွင်း စစ်အစိုးရအဆက်ဆက်ရဲ့ အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲတာကို ခံနေရတာကြောင့် မွေးနေ့ပေါင်း ၁၇ ကြိမ်ကို အကျဥ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

လက်ရှိမှာတော့ သူဟာ စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရ ပါတယ်။ အဲဒီအထဲက အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရားရင်ဆိုင်နေရပါတယ်။