နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိ အမှုတွေထဲက တစ်မှုကို ဖေဖော်ဝါရီလ ၁၁ ရက် ဒီနေ့မှာ နေပြည်တော် အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာဘ်ပေးတယ်ဆိုပြီးတော့ စွပ်စွဲထားတဲ့ အမှုဖြစ်ပြီး စစ်ကောင်စီဘက်က တရားလိုပြသက်သေ ရဲအရာရှိငါးဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ နောက်ထပ် တရားလိုပြသက်သေတွေ ရှိနေပေမယ့် လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးဖို့ ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုလေးခုနဲ့ ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိအမှုကိုလည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ရဲ့ အချစ်တော်ခွေးဖြစ်တဲ့ တိုက်ချီတို (Taichido) ဟာ နေမကောင်းဖြစ်နေတာ မှန်ပေမယ့် သေဆုံးတယ်ဆိုပြီး သတင်းထွက်နေတာဟာ ကောလဟာလသာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကို ပြောခဲ့တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။
အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ်မှာတော့ အဲဒီအမှုတွေထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပါတယ်။