ဒေါ်အောင်ဆန်းစုကြည် အမှုတွေအတွက် တရားလို သုံးယောက်ကို ပထမဆုံး စတင်စစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက တရားစွဲ ထားတဲ့အမှုတွေအတွက် တရားလိုအဖြစ် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို နေပြည်တော်ကောင်စီဝင်ထဲက အထူးတရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ပါတယ်။

မနက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ နေ့လယ်ပိုင်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ နဲ့၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှုသုံးခုအတွက် တရားလိုတွေကို စစ်ဆေးတာလို့ တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနည်းငယ် သွားကိုက်ဝေဒနာ ခံစားနေရတာလွဲလို့ ကျန်းမာရေး ကောင်းမွန် တယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ အဲဒီအပြင် ပြီးခဲ့တဲ့တစ်ပတ်က ပြောလိုက်တဲ့ စားသောက်စရာ ပစ္စည်းအခက်အခဲလည်း ပြေလည်နေပြီလို့ ရှေ့နေက ပြောပါတယ်။ သူ့အမှုတွေကို အပတ်စဉ် တနင်္လာနေ့ တိုင်း စစ်ဆေးမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ရဲ့အမှုကို မစစ်ဘူးလို့ ရှေ့နေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ပြစ်မှုဆိုင်ရာ စွဲချက်တွေဟာ တမင်အမှုဆင်တာဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိတာကို ပျက်ပြယ်စေဖို့ ရည်ရွယ်တဲ့ နိုင်ငံရေး အရင်းခံအကြောင်း ဖြစ်ရုံမက နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြန်မဝင်နိုင်အောင်လုပ်တာပဲလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson က ဒီနေ့ပြောလိုက်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်နိုင်အောင် စွဲချက်တွေအားလုံး ရုပ်သိမ်းသင့်တယ်လို့လည်း သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့ရှေ့နေတွေနဲ့ တွေ့ရတဲ့ အခွင့်အလမ်းက အကန့်အသတ်တွေရှိတာ၊ စစ်ကောင်စီက လုံးဝချုပ်ကိုင်ထားတဲ့အထူး တရားရုံးမှာ အမှုကြားနာတာတွေကြောင့် မျှတတဲ့တရားရင်ဆိုင်ရေး မရရှိသလောက် ဖြစ်နိုင်ဖွယ် ရှိတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်းထိန်ချိန်မှု ပုဒ်မ ၁၂၄ ရဲ့ ပုဒ်မခွဲ (က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ် ပုဒ်မ (၂၅) နဲ့ အဂတိလိုက်စားမှု ပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု ခုနစ်ခုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။