ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု အိမ်အကူကို စစ်ဆေးမည်

2021.11.19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု အိမ်အကူကို စစ်ဆေးမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ၂၀၂၁ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဥ်
Photo: CJ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို ခေါ်ယူစစ်ဆေးဖို့ ရှိနေတယ်လို့ ရှေ့နေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ဒီနေ့ ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒေါ်ဝေဝေသန်းကို ဆင့်ခေါ်ခဲ့ပေမယ့် မစစ်ဆေးဖြစ်ခဲ့ဘဲ စစ်ဆေးဖို့ အဆင်ပြေတဲ့အခါမှ ပြန်လည်ဆင့်ခေါ်မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် အဂတိအမှုတွေထဲက ရာဇသတ်ကြီးအမှု အမှတ် (၃) နဲ့ (၄) အတွက် နေပြည်တော် စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို တရားလိုပြသက်သေအဖြစ် ဒီနေ့ စစ်ဆေးခဲ့တယ် လို့လည်း ပြောပါတယ်။

အမှုနှစ်ခုအတွက် သက်သေထွက်ဆိုချက်တွေဟာ ရှည်လျားခဲ့တာကြောင့် အပြန်အလှန်စစ်မေးဖို့ နာရီဝက်ပဲ အချိန်ပေးခဲ့ပြီး နောက်ထပ်အပြန်အလှန်စစ်မေးဖို့အတွက် နောက်ရုံးချိန်းကို ပြန်ချိန်းလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအမှုနှစ်ခုမှာ အမှုအမှတ် (၃) က နေပြည်တော် ဥတ္တရသီရိမြို့နယ်က မြေ ၁၀၁ ဧကကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ဂရံချထားပေးတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးမင်းသူ တို့ကို အရေးယူထားတဲ့အမှုဖြစ်ပါတယ်။

အမှုအမှတ် (၄) ကတော့ နေပြည်တော် ပုဗ္ပသီရိမြို့နယ်ထဲမှာ မြေ ၂၉ ဧကကို နေပြည်တော်စည်ပင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးလိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦး တို့ကို အရေးယူထားတဲ့အမှုတွေဖြစ်ပါတယ်။

ဒီနေ့အမှု လေးမှုလုံးကိုတော့ နောက်တစ်ပတ် သောကြောနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ စွဲထားတဲ့ အမှုတစ်ခုကိုလည်း အခုအမှုတွေကို တာဝန်ယူစစ်ဆေးနေတဲ့ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းကပဲ လွှဲပြောင်းယူခဲ့တယ်လို့ ရှေ့နေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီအမှုကို စစ်ဆေးဖို့တွက် လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။