နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လာမယ့် ဇွန်လ ၂၃ ရက်နေ့ကစလို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကို ပြောင်းရွှေ့စစ်ဆေးဖို့ စီစဉ် နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံး ဇွန်လ ၂၁ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကိုကြားနာစဉ် တရားသူကြီးက ခုလိုပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံရပြီးနောက် အထူး တရားရုံးအဖြစ် ပြောင်းလဲထားတဲ့ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံး ခြံဝန်းထဲက အဆောက်အအုံတစ်ခုမှာ အမှုရင်ဆိုင်နေရတာပါ။
အခုတော့ နေပြည်တော်အချုပ်ထောင်ထဲမှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံအသစ် တစ်လုံးမှာ တရားရုံးအသစ်အနေနဲ့ ပြောင်းရွှေ့စစ်ဆေးဖို့ စီစဉ်နေတာလို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့၊ မရွှေ့ ကိစ္စကိုတော့ မသိရသေးပါဘူး။
ဒီနေ့ရုံးချိန်းမှာတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ လရောင်တော အသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော်မှာ မြေနေရာရယူတာ၊ ရန်ကုန်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရုံးချုပ်မြေနေရာနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့အမှု အဂတိအမှု လေးမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ဒီ အမှုတွေမှာ ပူးတွဲစွဲဆိုခံထားရပါတယ်။
အဲဒီအမှုတွေထဲက ရန်ကုန်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာနဲ့ အဆောက် အအုံငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ အဂတိမှုနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကျန်အဂတိမှု သုံးမှုအတွက်လည်း စွပ်စွဲခံရသူတွေအားလုံးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ တယ်လို့ ဆိုပါတယ်။
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။