ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအမှု အပြီးသတ်လျှောက်လဲမည်

2022.08.12
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအမှု အပြီးသတ်လျှောက်လဲမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဥ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရွေးကောက် ပွဲ မသမာမှု စွပ်စွဲချက် အမှုအတွက် လာမယ့် ဩဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ အရေးယူခံထားရတဲ့အမှု ဖြစ်ပါတယ်။

ဩဂုတ်လ ၁၂ ရက် ဒီနေ့ရုံးချိန်းမှာတော့ ဝန်ကြီးဦးမင်းသူ တင်ပြတဲ့ လက်ရှိတာဝန်ထမ်း ဆောင်ဆဲ ဌာနဆိုင်ရာ အရာရှိ သက်သေနှစ်ဦးကို ခေါ်ဆိုခဲ့ပေမယ့် လာရောက်ထွက်ဆိုခြင်း မရှိခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ဆေးရမယ့်သူ မရှိတော့တာကြောင့် လာမယ့် ဩဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက် လုံးက အပြီးသတ်လျှောက်လဲချက်ပေးဖို့ နေပြည်တော် အချုပ်ထောင် အထူးသီးသန့် တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိအမှု လေးမှုကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ အပြီး သတ်အမိန့်ချမှတ်ဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန် နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင် နေရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။