ဒေါ်အောင်ဆန်းကြည်အမှု အများပြည်သူသိခွင့်ဆုံးရှုံး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အတွက် အောက်တိုဘာလ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုရမယ့် ဒီနေ့ရုံးချိန်းမတိုင်ခင် အမှုနဲ့ပတ်သက်ပြီး ထုတ်ဖော် မပြောဖို့ ရှေ့နေအဖွဲ့ဝင် ငါးဦးစလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် အများပြည်သူ သိခွင့်ရဖို့ မသေချာတော့ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ရုံးချိန်းမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင်ထွက်ဆိုချိန်က စစ်တပ် အာဏာသိမ်းစဉ် အရာရှိကြီးတွေက သမ္မတရာထူးကနေ ဖိအားပေးနုတ်ထွက်ခိုင်းတယ်လို့ ထွက်ဆိုခဲ့ပြီး နောက်ပိုင်း ရှေ့နေတွေကို အခုလို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဒီနေ့ ထွက်ဆိုရမယ့်အမှုအတွက် သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၁၂ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၆ ရက်နေ့နဲ့ ဒေါက်တာ မျိုးအောင်က နိုဝင်ဘာ ၂ ရက်နေ့မှာ လူကိုယ်တိုင်ထွက်ဆိုကြဖို့ အောက်တိုဘာလ ၅ ရက်နေ့ ရုံးချိန်းကတည်းက တရားရုံးမှာ မှုခင်းစီမံခန့်ခွဲမှု (CMP) လုပ်ထားတာဖြစ် ပါတယ်။

အခုစွဲဆိုထားတဲ့အမှုဟာ သုံးဦးစလုံး အဖမ်းခံထားရပြီးချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က စွဲဆိုထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။