ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာ
2023.12.04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီးထောင်ချခဲ့တဲ့ အဂတိအမှုအတွက် အထူးအယူခံကို ဒီဇင်ဘာ ၄ ရက်ဒီနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်လို့ စွပ်စွဲခံရပြီး ထောင်ငါးနှစ် ချမှတ်ခံထားရတဲ့ အမှုဖြစ်ပါတယ်။
ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြစ်မှုကို ကျူးလွန်ခြင်းမရှိတဲ့အတွက် လွှတ်ပေးသင့်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲဒီ ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက ပေးခဲ့တာမရှိသလို ယူစရာလည်း မရှိကြောင်းနဲ့ စွပ်စွဲချက်တွေဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးထားတာတွေ ဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ရုံးချိန်းမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့ရာမှာလည်း ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံ ပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သိမ်းဆည်းရမိတာမရှိခဲ့ဘူးလို့ ထွက်ဆိုထားပါတယ်။
ဒီအမှုအယူခံနဲ့ပတ်သက်လို့ နောက်လာမယ့် ရုံးချိန်းမှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။
ဒီဇင်ဘာ ၅ ရက်မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက NLD အစိုးရလက်ထက် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုတို့အတွက် အထူးအယူခံ လက်ခံသင့်၊ မသင့် ကြားနာဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအယူခံအမှုတွေအတွက် အမှုသည်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ သူ့ရဲ့ ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စာနဲ့ တရားဝင်တောင်းဆိုထားပေမယ့် အကြောင်းပြန်တာ မရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ် ချခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် (၂၇) နှစ် ဆက်လက်ကျခံနေရပါတယ်။