ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားမှု အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
2021.09.21
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့ရဲ့အမှုတွေကို စက်တင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း နေပြည်တော်မှာ ဆက်လက်စစ်ဆေးခဲ့ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲထားတဲ့အမှုမှာ လုံးဝ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး စလုံးက ထွက်ဆိုခဲ့ကြတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဒီကနေ့ အထူးတရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ လူသိများတဲ့ နိုင်ငံတော်ငြိမ်ဝပ်မှုကို ပျက်ပြား အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ အမှုနှစ်ခုနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးခဲ့တာပါ။
၅၀၅ (ခ) နဲ့ ပတ်သက်လို့ တရားရုံးက ဒီကနေ့ တရားဝင် စွဲချက်တင်တဲ့အမိန့် ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် တို့ဘက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
“သုံးယောက်စလုံး အမှုပေါ့နော်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက်ကို စွဲချက်တင်တဲ့ အမိန့်ချလိုက်ပါတယ်။ စွဲချက်တင်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ပြန်ခေါ်သက်သေ နှစ်ဦး ရှိပါ တယ်ဆိုတဲ့ အကြောင်းကို လျှောက်ထားတဲ့အခါမှာ နောက်ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်မှာပါ။ အမှုနဲ့ ပတ်သက်လို့ကတော့ အပြစ်မရှိဘူးဆိုတဲ့ အကြောင်းကို ပြောတယ်လေ။ ဒီအမှုနဲ့ စွဲချက်တင်တယ်။ အပြစ်ရှိလား၊ မရှိလား မေးတော့ မရှိပါဘူးဆိုတဲ့အကြောင်း ပြောတယ်။ အဲဒီဟာပြီးတော့မှ ကျမတို့က ပြန်ခေါ်သက်သေ ရှိတယ်ဆိုတဲ့အကြောင်း ပြောတာပါ”
ဒီကနေ့ စွဲချက်တင်လိုက်တဲ့ ပုဒ်မ ၅၀၅ (ခ) အမှုက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထုတ်ပြန်ခဲ့တဲ့ ကြေညာ ချက် နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးအပေါ် စွဲထား တဲ့အမှု ဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးကို ဖမ်းဆီးပြီး NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဲဒီကြေညာချက် နှစ်စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
"အပြစ်ရှိလား၊ မရှိလား မေးတော့ မရှိပါဘူးဆိုတဲ့အကြောင်း ပြောတယ်"
ဒီကနေ့ ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (ခ) အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
“အမေ့ကိုစွဲထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ဦးထွန်းမြင့်အောင်က စွဲထားတဲ့ အမှုအတွက်က တရားလိုပြ သက်သေတစ်ဦးကို စစ်ပါတယ်။ စစ်ပြီးတဲ့အခါကျတော့ ကျန်တဲ့ တရားလိုပြ သက်သေ နှစ်ဦးကို စစ်ဖို့ကတော့ နောက်ရုံးချိန်းကို ချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ကတော့ နှစ်မှုထဲပဲ ရှိ ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ သုံးဦးစလုံး ကျန်းမာရေးကောင်းသလို အမေကတော့ နည်းနည်းလေး ကားကတော့ နည်းနည်းလေး မူးတာတော့ ရှိတယ်။ စီးရတာ မူးတယ်လို့တော့ ပြော ပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ သုံးယောက်စလုံးကတော့ ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရ ပါတယ်”
ဒီအမှုကတော့ ၂၀၂၀ သြဂုတ်လ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာရောက်စဥ် လူစုလူဝေးဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်း စနစ်နဲ့ ရုံးထုတ်စဉ်မှာ စွဲတင်လိုက်တဲ့အမှု ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ရောက်မှ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်း စနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာဖြစ်ပြီး မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက် အအုံတစ်ခုကို အထူးတရားရုံးအဖြစ် ပြောင်းလဲကာ လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး အပတ်စဥ် တနင်္လာနဲ့ အင်္ဂါနေ့ တွေမှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) အပါအဝင် စုစုပေါင်း အမှု ၁၁ ခုနဲ့ အရေးယူထားပြီး၊ အဲဒီအမှု ၁၁ ခုလုံးအတွက် အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် နှစ် ၁၀၀ ကျော်အထိ ကျခံရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်မှာ ရုံးချိန်းပြန်စစ်နေချိန်မှာပဲ NUG၊ CRPH နဲ့ PDF တို့ရဲ့ လက်နက်ကိုင်လမ်းစဉ်အကြောင်းကို သူ မသိခဲ့ကြောင်းနဲ့ အဲဒီလုပ်ရပ်တွေကို အားမပေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကတဆင့် ပြည်သူကို အမှာစကားပါးခဲ့တယ်ဆိုပြီး သတင်းစာ ဖြတ်ပိုင်းပုံစံအတုလုပ်ထားတဲ့ သတင်းမှားတစ်ခုဟာ လွန်ခဲ့တဲ့ လေးရက်ကစလို့ စစ်တပ်ထောက် ခံသူတချို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် လူထူအကြား ပျံ့နှံ့လာပါတယ်။
ရှေ့နေ ဦးခင်မောင်ဇော်က မနေ့ကမနက်ပိုင်း တရားရုံးချိန်းမစခင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဥ်မှာ “လူထုလက်ရှိလုပ်ကိုင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘူးဆိုတဲ့ သတင်းမှားတစ်ခု ပျံ့နှံနေကြောင်း၊ စစ်တပ်ထောက်ခံသူတွေရဲ့ သတင်းအမှားကို ရည်ညွှန်းပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုဆန္ဒကို သူဘယ်တော့မှ မဆန့်ကျင်ဘူးလို့ ပြန်လည်ပြောဆိုခဲ့ကြောင်း” ရှေ့နေဦးခင်မောင်ဇော်က သတင်းမီဒီယာတွေကို စာနဲ့ ပြန်လည်ရှင်းပြဖြေကြားခဲ့ပါတယ်။