ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှု လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်

2022.08.26
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှု လာမယ့်ရုံးချိန်းမှာ အမိန့်ချမည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မဲရုံတစ်ရုံတွင် ကြိုတင်ဆန္ဒမဲပေးခဲ့စဉ်
Photo: AFP

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရွေးကောက် ပွဲ မသမာမှု စွပ်စွဲချက် အမှုအတွက် နောက်တစ်ပတ်ရုံးချိန်းဖြစ်တဲ့ စက်တင်ဘာ ၂ ရက်နေ့ မှာ အပြီးသတ် အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀-က နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ အရေး ယူခံထားရတဲ့အမှု ဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်စလုံးက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြ တာဖြစ်ပြီး ရွေးကောက်ပွဲမသမာမှု လုပ်ခဲ့ကြောင်း စွပ်စွဲချက်အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သက်သေမပြနိုင်လို့ လွှတ်ပေးသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက် ပေးပြီးဖြစ်တာကြောင့် လာမယ့် သောကြာနေ့ နောက်တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ နေပြည်တော် အချုပ်ထောင်တွင်း အထူး တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က ဟာ အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက်အနည်းငယ်ရှိခဲ့ပေမယ့် လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှု ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထား ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန် နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင်နေ ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တွေ ထပ်မံချမှတ်နေမှုဟာ တရားမျှတမှု မရှိ တာကြောင့် ချက်ချင်းလွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာက အခု ဩဂုတ်လထဲမှာပဲ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။