ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေဘက်က ထောက်ခံ ရပ်တည်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ တွစ်တာကနေ ဩဂုတ်လ ၁၆ ရက် ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်း တရားရုံးကနေ ဩဂုတ်လ ၁၅ ရက် မနေ့မှာပဲ ဒေါ်အောင် ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ နောက်ထပ် ထောင်ခြောက်နှစ် ထပ်တိုး ချမှတ်ခဲ့ပြီးနောက်မှာပဲ အဗ္ဗဒူလာက အခုလို ပြောတာပါ။
စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးထောင်ချတာနဲ့ ဒီမိုကရေစီအရေး တက်ကြွသူလေးဦးကို ကြိုးပေးကွပ်မျက်ခဲ့တာတွေဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကြိမ်ကြိမ် လျစ်လျူရှုနေတာလို့လည်း အဗ္ဗဒူလာက စွပ်စွဲထားပါတယ်။
မလေးရှားနိုင်ငံဟာ စစ်ကောင်စီရဲ့ ကြိုပေးကွပ်မျက်မှု လုပ်ရပ်ကိုလည်း ရာဇဝတ်မှုဖြစ်တယ် ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာကတည်းက ကန့်ကွက်ရှုတ်ချခဲ့တာပါ။
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ ခုနဲ့ စွပ်စွဲပြီး တရားစွဲဆိုထားသလို ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ ထောင် ၁၁ နှစ်ချခဲ့တဲ့အပြင် အခုထောင်ခြောက်နှစ် ထပ်တိုးချခဲ့တာကြောင့် စုစုပေါင်းထောင် ၁၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
ထောင်ချပြီးသား အမှုတွေအပြင် နှစ်ရှည်ထောင်ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုအပါအဝင် ကျန်ရှိနေတဲ့ အမှုကိုးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။