ခြံအမှတ် ၅၄ ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်

RFA Burmese
2024.08.15
ခြံအမှတ် ၅၄ ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် လေလံကိစ္စ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို သြဂုတ်လ ၁၅ ရက် ဒီနေ့မှာ လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ ဝယ်ယူမဲ့သူမရှိလို့ လေလံပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ပါတယ်။

ဒီနေ့လေလံပွဲကို ခြံအမှတ် (၅၄) နေအိမ်ခြံဝင်းရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားရုံးက လေလံစီမံခန့်ခွဲတဲ့ လေလံအရာရှိက လေလံဆွဲမဲ့သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီးနောက် လေလံဆွဲမဲ့သူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ကြောင်း ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လေလံပွဲမှာတော့ လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ၃၁၅ ဘီလီယံ သတ်မှတ်ခဲ့တာပါ။ အဲဒီတုန်းကလည်း အိမ်နဲ့ ခြံကို လေလံဆွဲဝယ်ယူသူ တစ်ဦးတစ်ယောက်မှ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

ဒီနေ့လေလံပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေကို မနက်ဖြန် ဩဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်မဲ့ ကမာရွတ်ခရိုင် တရားရုံးချိန်းမှာ လေလံအရာရှိက အစီရင်ခံစာ တင်ပြရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ ရှေ့နေအဖွဲ့ နှစ်ဖက်လုံးက ဥပဒေအတိုင်း ဆက်လက်လုပ်သွားမယ်လို့ ပြောဆိုထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြောလာတာ မရှိသေးပါဘူး။

တရားရုံး လုပ်ထုံးလုပ်နည်းတွေအရ ခြံအမှတ် (၅၄) နေအိမ်ကို နောက်တစ်ကြိမ်မှာလည်း အခုသတ်မှတ်ထားတဲ့ ဈေးနဲ့ပဲ ထပ်မံလေလံတင်ရောင်းချတာ၊ အခုဈေးထက် လျှော့ပြီး လေလံတင်ရောင်းချတာတို့ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတာ စတဲ့ ဥပဒေနဲ့မညီညွတ်တဲ့ အချက်တွေကြောင့်ဆိုပြီး လေလံဆွဲရောင်းချတဲ့ ကြမ်းခင်းဈေးကိစ္စကို နှစ်ကြိမ်လုံး ကန့်ကွက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက် ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။