ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ စီစဉ်နေ

RFA Burmese
2023.10.25
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ စီစဉ်နေ ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် အာဆီယံ-UN ထိပ်သီးအစည်းအဝေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
ASSOCIATED PRESS

ထောင်နှစ်ရှည် ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဒီသီတင်းပတ်ထဲမှာ စစ်ကောင်စီထံ စာနဲ့ တရားဝင် တင်ပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ လူချင်းတွေ့ခွင့်ရဖို့ စစ်ကောင်စီရဲ့ နေပြည်တော်အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းထားသလို ဒီသီတင်းပတ်ထဲမှာလည်း ထပ်မံတင်ပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိသားစုဝင်တွေ၊ ရှေ့နေအဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ မျှော်လင့်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး က ပြောပါတယ်။

“ပုံမှန်အားဖြင့် အားလုံးကို ပြန်ပေးတော့မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ကို ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်။ ပါတီအနေနဲ့ကတော့ ဦးဝင်းမြင့်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုပဲ ကြိုးစားဆောင်ရွက်နေပါတယ်”

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရချိန် သြဂုတ်လ ၁ ရက်နေ့မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရတာပါ။

စစ်ကောင်စီအကျဉ်းဦးစီးဌာနက ကိုဗစ်ကပ်ရောဂါကိုအကြောင်းပြပြီး ရန်ကုန် အင်းစိန်ထောင်အပါအဝင် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသား တွေအတွက် ထောင်ဝင်စာတွေ့ခွင့်ကို ၂၀၂၀ ပြည့်နှစ် ကတည်းက ပိတ်ထားခဲ့တာပါ။

အခု ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာ ၂၄ ရက်ကစလို့ ပြန်ဖွင့်ပေးတဲ့အကြောင်း အကျဉ်းဦးစီး တာဝန်ရှိသူတွေက နိုင်ငံတစ်ဝန်း မြို့နယ်အသီးသီးမှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကြိုတင်ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းက အကျဉ်းထောင် ၄၀ ခန့်မှာ အကျဉ်းသားတိုင်းကို မိနစ် ၂၀ ခန့် တွေ့ထောင်ဝင်စာ တွေ့ခွင့်ပြု တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။

ဒါပေမဲ့ ထောင်ဝင်စာတွေ့လိုသူတွေဟာ အကျဉ်းကျနေသူနဲ့ အိမ်ထောင်စုစာရင်းအတူတူ ဖြစ်ပြီး သန်းခေါင်စာရင်း နဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးထိုး ထားကြောင်း လက်မှတ် စတဲ့ ကန့်သတ်ချက်ပေါင်းများစွာကို တင်ပြရမှာဖြစ်ပါတယ်။

လူတွေ့ထောင်ဝင်စာကို တစ်လတစ်ကြိမ် မိသားစုဝင်တစ်ဦးသာ ခွင့်ပြုမှာဖြစ်ပြီး တစ်ကြိမ်မှာ မိနစ် ၂၀ သာ စကားပြောခွင့်ရမယ်လို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်အချို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။