စနစ်တကျလွဲှပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရင်က အစဉ်အလာမရှိခဲ့သေးတဲ့ နို်င်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျလွဲှပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆွေးနွေးပွဲမှာပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

dassk-theinsein-1-620.jpg

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက် ၉ နာရီကနေ ၉ နာရီ ၄၅ မိနစ်အထိ ၄၅မိနစ်ကြာ နေပြည်တော်သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။

ဒ့ါအပြင် နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

dassk-theinsein-2-620.jpg


ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့တဲ့ အတွက် နိုင်ငံတော်သမ္မတကို ကျေးဇူးတင်ကြောင်းနဲ့ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့် ဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေ့လည် ၂ နာရီမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။